၂၂၇- နှစ်မြောက် ရခိုင့်အချုပ်အချာ အာဏာကျဆုံးသည့်နေ့တွင် အမေရိကန်နိုင်ငံရောက် ရခိုင် အမျိုးသားများက နယူးယောက်မြို့ရှိ ကမ္ဘာ့ ကုလသမဂ္ဂရုံးချုပ်ရှေ့၌ ကိုလိုနီစနစ် ဖျက်သိမ်းရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ရှေးဦးစွာ ရခိုင်တော်လှန်ရေး တိုက်ပွဲ အတွင်း ကျဆုံးသွားခဲ့ကြရသော ရခိုင့်အာဇာနည် သူရဲကောင်းများကို တမိနစ်ခန့် အလေးပြုပြီးနောက် Free Arakan ဖြင့်ကြွေးကြော်ကာ အခမ်းအနားကိုစတင်ခဲ့သည်။
ဦးဆောင်သူ လူပ်ရှားသူ တဦးဖြစ်သူ ကိုတင့်ဝေက“ ကိုလိုနီစနစ်ဖျက်သိမ်းဖို့ တောင်းဆိုရခြင်းအဓိက အကြောင်း အရင်းက ရခိုင်ပြည်ကထွက်တဲ့ သယံဇာတတွေကို ရခိုင်ပြည်သူတွေ တစုံတရာ ခံစားပိုင်ခွင့်မရှိပဲ ရသမျှကို အကုန်သိမ်းကျုံး ယူငင်သွားတယ်။ ပြီးရင် နေပြည်တော် အပါအဝင် သူတို့ နယ်မြေဒေသတွေမှာ စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်ကြတယ်။ ခုဆို ရခိုင်ပြည်ဟာ မြန်မာပြည်ထဲမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသတခုအဖြစ် အဖက်ဖက်မှာ နိမ့်ကျ ကျန်နေခဲ့တယ်။ ဒါဟာ ကိုလိုနီ နယ်ချဲ့ စနစ်နဲ့ ရခိုင်ပြည်ကို အုပ်ချုပ်နေတဲ့ အတွက် ဖြစ်တယ််။ ဒါကြောင့် ရခိုင်ပြည်မှာ ကျင့့်သုံးနေတဲ့ ဗမာကိုလိုနီ စနစ်ကို ဖျက်သိမ်းပေးဖို့ ကမ္ဘာ့ကုလ သမဂ္ဂရုံးရှေ့ကို လာပြီး တောင်းဆိုကြတာဖြစ်တယ်” ဟုပြောသည်။
ရခိုင်ပြည်သည် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့ လွတ်လပ်ရေး ဆုံးရှံုးခဲ့ရသည့် အချိန်မှ စပြီး အုပ်ချုပ်သူများ၏ ဖိနှိပ် အုပ်ချုပ်မူများကို နှစ်ပေါင်းများစွာ ခံစားနေကြရပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းတွင်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှ စပြီး လူူမျိုး တစ်မျိုး၏ ရသင့် ရထိုက်သော အမျိုးသားရေး ဆိုင်ရာ ရပိုင်ခွင့်များ ဆုံးရှံုးနေကြရကြောင်း သိရသည်။
ထိုသို့ ဆုံးရှံုးရာတွင် ရခိုင်သမိုင်းအမွေအနှစ်များလည်း ပါ၀င်ပြီး ယခုအခါ အုပ်ချုပ်သူများ၏ လုပ်ရပ်ကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း ဆန္ဒပြပွဲကိုဦးဆောင်သူ ကိုကျော်ဝင်းက နိရဥ္စရာသို့ ပြောသည်။
ရခိုင်နိုင်ငံတော်ကျဆုံးခဲ့တာဟာ ဒီဇင်ဘာ ၃၁ရက် နေ့ဆိုနှစ်ပေါင်း ၂၂၇နှစ်ရှိပြီဖြစ်တယ်။ ရခိုင်နိုင်ငံတော်ကျ ပြီးကတည်းက ရခိုင်စာပေ၊ ယဉ်ကျေးမှုနဲ့သမိုင်းအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပိုင်ခွင့် မရှိတော့ဘူး။ အုပ်ချုပ်ခဲ့တဲ့ဗမာအစိုးရ အဆက်ဆက်က ရခိုင်လူမျိုးတွေရဲ့စာပေ၊ သမိုင်းနဲ့ ယဉ်ကျေးမှုတွေ ကို ဖျောက်ဖျက် ပစ်တာတွေ ရှိသလို လျစ်လျူရှု့ပြီး ဖုံးကွယ်ထားတာတွေလည်း ရှိတယ်။ အခုဆိုရင် ရခိုင်စာပေ ယဉ်ကျေးမူ အနုပညာ လက်ရာတွေ မကျန်တော့သလေက် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ” ဟုပြောသည်။
ကိုလိုနီစနစ်ဖျက်သိမ်းရေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုသည်မှာ လက်ရှိ ခေတ်ကာလနှင့် လျော်ညီမူ ရှိပါ့မလားဟု ဦးဆောင် လူပ်ရှားသူ နောက် တစ်ဦးဖြစ်သူ ကိုခိုင်ဘခင်ကို မေးကြည့်ရာ သူက ယခုလို ပြောသည်။
"ကျနော်တို့ဟာ ရခိုင်ပြည်သူတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆိုတာကို ကုလသမဂ္ဂ အနေနဲ့လည်း သူတို့ဘောင်အတွင်းက စဉ်းစား ဆုံးဖြတ် ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျနော်တို့ ပြည်တွင်းက ရခိုင် ပြည်သူတွေဟာ သူတို့ အခွင့်အရေးအတွက် ဘာတစ်ခုကိုမှ တောင်းဆိုခွင့်မရကြရဘူး။ သူတို့ရဲ့ အခွင့်အရေး အားလုံးဟာလည်း အုပ်ချုပ်သူတွေကြောင့် ဆုံးရှုံး နေကြရပါတယ်။ အခုလိုကျနော်တို့ တောင်းဆိုတာကို ရခိုင်ပြည်သူတွေက ထောက်ခံသလို ကမ္ဘာအရပ်ရပ်က လွတ်လပ်မှုကို ချစ်မြတ်နိုးသူတိုင်း ထောက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လွတ်လပ်ရေးဟာ နိုင်ငံတနိုင်ငံ လူမျိုး တမျိုးရဲ့ ရပိုင်ခွင့်တွေ ဖြစ်တယ်။ ကျနော်တို့ လွတ်လပ်ရေးကို ကျနော်တို့ တောင်းဆိုတာဟာ ကျနော်တို့ရဲ့ အခွင့်အရေး ဖြစ်ပါတယ်" ဟု ပြောဆိုသည်။
၁၉၆၁-ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ကိုလိုနီစနစ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ထားသော်လည်း ရခိုင်ကဲ့သို့ နိုင်ငံငယ်များမှာ ကျွန်ပုန်း ကိုလိုနီ အဖြစ်နှင့် ကျန်ရှိနေသေးကြောင်း၊ ဗမာ အုပ်ချုပ်သူများက ရခိုင်ပြည်ကို ပြည်ထောင်စု အတွင််းက ပြည်နယ် တစ်ခု အဖြစ် သဘော မထားဘဲ စစ်ရှံုး လက်အောက်ခံ ကိုလိုနီ နယ်ပယ် တစ်ခု အဖြစ် သဘောထားပြီး အုပ်ချုပ်နေကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂ အနေဖြင့် ယခုလို ဗမာ အစိုးရ၏ ရခိုင်ပြည် အပေါ် ကျင့်သုံးနေသော ပေါ်လစီကို သိရှိနိုင်ရန် စာတမ်း တစောင် ကို တင်သွင်းသွားမည် ဖြစ်ကြောင်းဖြင့့်လည်း သူက ဆက်ပြောသည်။
ဆန္ဒပြပွဲကို မွန်းလွဲ ၁နာရီမှစတင်ကာ ညနေ ၃နာရီတွင်အောင်မြင်စွာပြီးဆုံးခဲ့သည်။ အဆိုပါဆန္ဒပြပွဲသို့ တခြား တိုင်းရင်းသားများ အပါ၀င် ရခိုင် အမျိုးသား ၈၀ နီးပါး ပူးပေါင်း ပါ၀င်ခဲ့သည်ဟုသိရသည်။