ဒုဗိုလ်ချုပ်ကြီး စိုးဝင်းခရီးစဉ် အတွင်း နတ်ရုပ်ထူးဖေါ်မှုကိစ္စ ဒေသထုတ် ဘင်္ဂလီ သတင်းစာများ တွင်လည်း ရေးသားဖေါ်ပြ

ဒုဗိုလ်ချုပ်ကြီး စိုးဝင်းခရီးစဉ် အတွင်း နတ်ရုပ်ထူးဖေါ်မှုကိစ္စ ဒေသထုတ် ဘင်္ဂလီ သတင်းစာများ တွင်လည်း ရေးသားဖေါ်ပြ
by -
ထွန်းထွန်း

ဒု ဗိုလ်ချုပ်ကြီးစိုးဝင်း ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့စ် ဘဇားခရီးစဉ်အတွင်း မဟာ သိမ်တော်ကြီး အထဲ၌ ဖြစ်ပွားခဲ့သော နတ်ရုပ် တူးဖေါ်မှုကို ဒေသထုတ် သတင်းစာများ ကလည်း ရေးသားဖေါ်ပြသည်။

Agga-Medawi-Monk-Maha-Thindawgree

နိုဝင်္ဘာလ ၂၆ ရက်ထုတ် ကော့စ်ဘဇားမှ Samudrabata သတင်းစာက မဟာသိမ်တော်ကြီး အနီး ကပ်ရပ် စွာတည်ရှိသော စန္ဒမဇ္ဇူ ကျောင်း ဆရာတော်ကြီး ဦးပညာဝံသက နတ်ရုပ်တူးဖေါ် မှုနှင့် ပတ်သက်ပြီး မိန်းကြား သည်ကို ယခုလို ဖေါ်ပြသည်။

"ဗုဒ္ဓဘာသာမှာ ရဟန်းခံဖို့အတွက် သိမ်ဆိုတာအဓိကကျတဲ့ သာသနာ့ အဆောက် အအုံ တခု ဖြစ်တယ်။ သိမ်ထဲက ဘယ်အရာ တခုကိုမှ တူးဖေါ်လို့ မရဘူး။ ဘုရား လက်ထက်ကလည်း သိမ်ထဲက ဘယ်ရုပ်ထုကို မဆို တူးဖေါ် တယ်ဆိုတာမကြားဖူးဘူး။ နတ်ရုပ် တူးဖေါ်ခံခဲ့ရတဲ့ အတွက် ဘုန်းကြီးတွေ တော်တော် စိတ်ဆိုးနေကြတယ်။ ဒီလို မဖျက်စီးဖို့ အတွက် တောင်းပန် ချင်ပါတယ်။"

အဆိုပါ နတ်ရုပ်ကို လက်ရှိ သိမ်ကျောင်း ကော်မတီမှ ဦးဆောင်သော အဖွဲ့တဖွဲ့က နိုဝင်္ဘာလ ၂၃ ရက်နေ့ ညဉ့် ၁၀ နာရီခန့်တွင် တူးနေစဉ် သိမ်ထဲရှိ ဘုန်းကြီး တပါးက ဟန့်တား ခဲ့သော်လည်း မရရှိကြောင်း သတင်းစာက ဆိုသည်။

ယခင် သိမ်ကျောင်း ကော်မတီဟောင်း ဦးမောင်ကျော်သာကလည်း နတ်ရုပ်တူးဖေါ်မူနှင့် ပတ်သက်ပြီး ယခုလို ပြောသည်ဟု သတင်းစာက ရေးသည်။

"သိမ်ဆိုတာ တူးဖို့မဆိုနဲ့ လက်ထိလို့ တောင်မရဘူး။ တူးတဲ့သူကို အရေးယူရမယ်။ ဒီကိစ္စကို ကာကွယ်ဖို့ အတွက် ကော့စ်ဘဇားက ရခိုင်တွေသာ မဟုတ်ဘူး။ နိုင်ငံ တကာမှာရှိတဲ့ ရခိုင်တွေပါ ၀ိုင်းဝန်းကာကွယ် ရပါမယ်" ဟု ၄င်းသတင်းစာက ဆက်လက် ဖေါ်ပြသည်။

နတ်ရုပ် အတူးခံခဲ့ရသည့် ကော့စ်ဘာဇား မဟာသိမ်တော်ကြီးကို အင်္ဂလိပ် သက္ကရာဇ် ၁၇၉၉ ခုနှစ်တွင် ရခိုင်ပြည်မှ ထွက်ပြေးလာသူ ဦးအောင်ချမ်းသာက တည်ဆောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အင်္ဂလိပ် လက်ထက်တွင် ဗမာ ဘုရင် အုပ်စိုးမူကို မခံလိုသော ရခိုင်များက အဆိုပါ ဒေသသို့ ထွက်ပြေး လာပြီး နောက် အင်္ဂလိပ် ကပ္ပိတိန် ကော့စ်က ဆက်လက် တည်ထောင်နေရာချထားပေးခဲ့သဖြင့် နောက်ပိုင်းတွင် ကော့စ်ဘဇားမြို့တွင်လာကြောင်း အဆိုပါ သတင်းစာကရေးသည်။

ဒေသခံများ အဆိုအရ အဆိုပါ သိမ်တော်ကြီးမှာ ရှေးခေတ် ပညာရှိ ဘုန်းကြီးများ အဓိဌါန်ဖြင့် တည်ထား ကိုးကွယ်လာသော သိမ်ဖြစ်သည့်အတွက် တရားမရှိသော စစ်တပ်အရာရှိ၊ မင်းဆိုးမင်းယုတ် တို့လာရောက် လည်ပတ်ပါက ရာထူး ရာကန် ပြုတတ်သည်ဟု ဆိုသည်။

သို့ဖြစ်၍ မြန်မာ့စစ်ခေါင်းဆောင်စိုးဝင်း လာရောက်လည်ပတ်ခဲ့သည့်ခရီးအတွင်း အဆိုပါသိမ်မှနတ်ရုပ်အား တူဖေါ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သူ့အမိန့်ဖြင့် တူးသည်၊ မည်သူက တူးခိုင်းသည်ကို ယနေ့အထိမသိရှိရသေးကြောင်း၊ တဘက် မှာလည်း ဒေသအတွင်းရှိဘုန်းကြီးနှင့် လူထုများအကြားအဆိုပါ ကိစ္စကိုဖေါ်ထုတ်ရန်ယနေ့ ကော့စ်ဘဇားမြို့ တွင် အစည်းဝေးတခု ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

Most read this week