ရခိုင် လွှတ်တော်တွင် လယ်မြေသိမ်းကိစ္စနှင့် မတရား အခွန်ကောက် ကိစ္စ ရခိုင်ပါတီ မေးမည်

ရခိုင် လွှတ်တော်တွင် လယ်မြေသိမ်းကိစ္စနှင့် မတရား အခွန်ကောက် ကိစ္စ ရခိုင်ပါတီ မေးမည်
by -
နိရဥ္စရာ သတင်းဌာန

ယခုလတွင် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော် တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အမတ်များ အနေဖြင့် ရခိုင်ပြည်သူများကို ဆင်းရဲ တွင်း ထဲ တွန်းပို့နေသော အဓိက အကြောင်းအရာ နှစ်ရပ်ကို မေးမြန်း သွားမည် ဖြစ်ကြောင်း ရခိုင် အမတ် တစ်ဦးက ပြောသည်။

Sa-Fo-Kywan-village-Rathitaung-Arakan
စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က“ ဒီလ ရခိုင်ပြည်နယ် လွှတ်တော်ကိုခေါ်ယူ တဲ့ အခါ အမေး အဖြေ အစီအစဉ်တွေကိုပါ နေပြည်တော်မှာ ကျင်းပနေတဲ့ အမျိုးသားလွှတ်တော်၊ပြည်သူ့ လွှတ်တော်တို့လို ပြုလုပ်သွားမယ်။ မေးခွန်းတွေ မေးဖို့ ပြင်ဆင်ထားကြပါဆိုပြီး လွှတ်တော်က ကျွန်တော် တို့ဆီကို စာရောက်နေတယ်။ ရခိုင်ပြည်သူတွေ ခံစားနေရတဲ့ အချက်နှစ်ချက်ကို အဓိကကျွန်တော် တို့ မေးမြန်းဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

" အဓိက ပထမအချက်ကတော့ ရခိုင်ပြည်နယ်ထဲမှာ ဌာနဆိုင်ရာတွေက လယ်မြေဧက ထောင်ပေါင်းများစွာကို မလိုအပ်ဘဲ အကြောင်းအမျိုးမျိုးပြပြီး သိမ်းဆည်းထားတယ်။ အဲဒီမြေတွေကို ဌားရမ်းပြီး လယ်သီးစားချတာ တို့၊ ပုဇွန်မွေးမြူရေး ကန်တွေ လုပ်တာတို့ကို ပြုလုပ်နေကြတယ်။ ရခိုင်လူထုမှာ လယ်မဲ ယာမဲ့ ဖြစ်ပြီး ဒုက္ခရောက်နေကြရတယ်။ ဒါကို ဖြေရှင်းပေးဖို့ အစီအစဉ် ရှိ- မရှိကို ပြည်နယ် လွှတ်တော်မှာ ကျွန်တော်တို့ ပထမဆုံး မေးမြန်းသွားဖို့ စီစဉ်ထားပါတယ်။"

ဒုတိယ အနေဖြင့် မေးမြန်းမည့် မေးခွန်းကိုလည်း သူက ယခုလို ဆက်ပြောသည်။

" အခု ရခိုင်ပြည်သူတွေ ဆင်းရဲ မွဲတည်လာကြရတဲ့ အကြောင်းတွေထဲမှာ တချက် အအပါအဝင် ဖြစ်တဲ့ အခွန်တွေ မတရား ကောက်ခံနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ စစ်တွေမှာဆိုရင် ဌာနဆိုင်ရာ လေးဖွဲ့ ငါးဖွဲ့လောက်က အခွန်တွေ ကောက်နေတယ်။ နယ်မှာဆို ပိုးဆိုးတယ်။ ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး ကောက်တယ်။ ဆိပ်ကမ်းပေါ် ကုန်တင်လာရင်လည်း ဆိပ်ကမ်းခွန်ဆိုပြီး ကောက်တယ်။ စျေးကို ယူလာတော့လည်း စျေးခွန် ဆိုပြီးကောက်တယ်။ နောက်တခါ စည်ပင်ခွန်ဆိုပြီးလည်း ကောက်တယ်။ ဒါ့ပြင် ရေနံဆီ၊ စားသုံး ဆီတွေကို လည်း နယ်ကို ယူတော့ ရဲတို့၊ တခြား အဖွဲ့တွေက ကောက်တယ်။ အဲဒါကြောင့် ရခိုင်လူထု တော်တော့ကို ဒုက္ခ ဖြစ်နေကြရတယ်။ ဒါကိုလည်း ဘယ်လို ရပ်တန့် အောင် လုပ်ဖို့ အစီအစဉ် ရှိသလဲဆိုတာ မေးမြန်းသွားဖို့ စီစဉ်ထားပါတယ်" ဟု ပြောသည်။

၎င်းပြင် ဦးအောင်မြကျော်က ယခု ကောက်နေသော အခွန်များမှာ နိုင်ငံတော်အတွက် ကောက်ခံနေခြင်းလည်း မဟုတ်ကြောင်း၊ သူတို့ ပုဂ္ဂလိက ကိုယ်ကျိုးအတွက်သာ ကောက်ခံနေသဖြင့် တိုင်းပြည်အတွက်ရော၊ လူထုအတွက်ပါ အကျိုးမရှိ နစ်နာနေသဖြင့် ဥပဒေဘောင်အတွင်းမှ နေပြီး အရေးဆိုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် အတွင်း စစ်တပ်၊ ရေတပ်၊ ရဲတပ်ဖွဲ့နှင့် အစိုးဌာနဆိုင်ရာများမှ နည်းအမျိုးမျိုးဖြင့် လူထုထံမှ အခွန်အကောက်ခံနေသဖြင့် တိုင်ကြားသော်လည်း နေပြည်တော်ရှိ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရမှ တစုံတရာ တားမြစ် ပိတ်ပင် ဟန့်တားခြင်း မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဒုတိယ မြို့တော် ကျောက်ဖြူတွင်လည်း လူသွား လူလာ အများဆုံး ဆိပ်ကမ်းကို မြို့နယ် စည်ပင်မှ လေလံ ပစ်ပြီး ဌားရမ်းထားသဖြင့် ဆိပ်ကမ်းကို လူတစ်ဦးတက်သည်နှင့် ကျပ် ၄၀၀ စီ ကောက်ခံ သဖြင့် ပြည်သူများမှာ အထူး အခက်ကြံုတွေ့လျက် ရှိကြောင်း သိရသည်။

အလားတူ မြို့တိုင်းတွင် စည်ပင်အဖွဲ့က ခေါင်းရွက် စျေးသည်များကို မကျန် အခွန်အကောက် တိုးမြှင့် ကောက်ခံနေသဖြင့် လက်လုပ် လက်စား ပြည်သူများမှာ အထူး ဒုက္ခရောက်လျှက် ရှိကြသည်။

ရခိုင်ပြည်နယ် လွှတ်တော် ကျင်းပမည့် ရက်ကို မကျေညာသေးသော်လည်း ယခုလတွင် ကျင်းပမည် ဖြစ်သဖြင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ တခြား မေးခွန်းများကိုပါ မေးမြန်းနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Most read this week