ဂီရိဒေသ ပြည်သူများ အသုံးပြုသော ချောင်းကို စစ်တပ်က သိမ်းပြီး သက်သာ ရံပုံငွေရှာ

ဂီရိဒေသ ပြည်သူများ အသုံးပြုသော ချောင်းကို စစ်တပ်က သိမ်းပြီး သက်သာ ရံပုံငွေရှာ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ဂီရိဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရသော မစရိုင်းချောင်းကျွန်းတွင် ပြည်သူများ အသက်မွေး ၀မ်းကျောင်းမူ ပြုလုပ် နေသော ချောင်းတချောင်းအား တပ်သက်သာ ရံပုံငွေအတွက် စစ်တပ်က သိမ်းယူသွားသဖြင့် ဒေသခံ ပြည်သူများမှာ အထူး အခက်အခဲကျ ရောက် ဖြစ်ပေါ်လျှက် ရှိကြောင်း သိရသည်။

မစရိုင်းချောင်းကျွန်းပေါ်ရှိ ချောင်းကြီးဖျား၊ ရွှေညိုမနှင့် ရွာသစ်ကေ ကျေးရွာမှ မိသားစုပေါင်း ၂၅၀ ကျော်၊ လူဦးရေ အားဖြင့် ၁၁၀၀ ကျော်ခန့်မှာ ယခုကဲ့သို့ ကျောက်ဖြူ အခြေစိုက် ခလရ ၃၄ တပ်ရင်းမှ သူတို့ လုပ်စားနေသောချောင်းကို မောင်ပိုင် စီးသွားသဖြင့် ဘဝ ၀မ်းကျောင်းရာတွင် အခက်အခဲ ကျရောက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
Arakan-villagers
သူတို့ရွာသားများ ကြံုတွေ့နေရသော အခက်အခဲများကို ဒေသခံ ကျောင်းဆရာ တစ်ဦးက ယခုလို ပြောသည်။

" ကျွန်တော်တို့ မစရိုင်းချောင်းကျွန်းဟာ ဂီရိဒဏ်ကို အကြီးကျယ်ဆုံး ခံခဲ့ရတဲ့ ကျောက်ဖြူမြို့နယ်က ဒေသ တစ်ခု ဖြစ်ပါတယ်။ မုန်တိုင်းတုန်းက တာတမံတွေလည်း အများကြီး ကျိုးပျက်သွားတဲ့ အတွက် ဒီနှစ်မှာ လည်း စပါး မစိုက်ပျိုးနိုင် ဖြစ်နေပါတယ်။ ဒါကြောင့် ရွာသားတွေဟာ ရေလုပ်ငန်းကို အဓိက မှီခိုပြီး လုပ်ကိုင် စားသောက် နေကြရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျောက်ဖြူ အခြေစိုက် ခလရ ၃၄ က တပ်ရင်း သက်သာချောင်ချိရေး ရံပုံငွေအတွက် ဆိုပြီး ရွာသားတွေ လုပ်ကိုင် စားသောက်နေတဲ့ချောင်း ရှည်ချောင်းကို သိမ်းပြီး ဘယ်ရွာသားကိုမှ ချောင်းထဲမှာ ငါးရှာ ဟင်းခူးဖို့ ခွင့်မပြုတော့ပါဘူး။ ချောင်းထဲကို လှေနဲ့ ၀င်မိရင်လည်း ရိုက်တာ ပုတ်တာ ဆဲဆို ကြိမ်းမောင်းတာကို ခံကြရပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ စစ်တပ်က အဆိုပါ ချောင်းကို သိမ်းပြီး တပ်ရင်း သက်သာအတွက် အလုပ် လုပ်ကိုင်နေသည်မှာ ဇွန်လကုန်- ဇူလိုင်လ လဆန်းပိုင်းက စပြီး ဖြစ်ကြောင်း သူက ပြောသည်။

" ရက်ကတော့ မမှတ်မိတော့ပါဘူး။ ဇွန်လကုန်ပိုင်းမှာ ပို ဖြစ်ဖို့များပါတယ်။ ခလရ ၃၄ က တပ်ကြပ်ကြီး ဦးသိန်းဟန်က ဦးစီးပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ချောင်းကတော့ မိုင်အားဖြင့် မသိဘူး။ လက်လံအား ဖြင့် ၁၄၀၀ ကျော်ရှိပါတယ်။ ကျွန်းပေါ်က ငါးအများဆုံး နေတဲ့ချောင်း ဖြစ်ပါတယ်" ဟု သူကဆက်ပြော သည်။

စစ်တပ်က ချောင်းကို သိမ်းပြီး တစ်ဦးတည်းပိုင် လုပ်ကိုင်နေသဖြင့် ငါးရှာ ဟင်းခူသူ ကျေးရွာသားများနှင့် ပြဿနာများလည်း မကြာခဏ ဖြစ်ပွားမူများ ရှိသဖြင့် ကျေးရွာသားများက ကျောက်ဖြူ မြို့နယ်နှင့် ခရိုင် တာဝန်ရှိသူများသို့ တိုင်ကြားသော်လည်း စစ်တပ်ကို မည်သူမျှ ကျော်လွန်၍ မရဘဲ ဖြစ်နေကြောင်း တခြား ဒေသခံ တစ်ဦးက ပြောသည်။

" ကျွန်တော်တို့ တိုင်တဲ့ အတွက် ကျောက်ဖြူက ငါးလုပ်ငန်း၊ မြေစာရင်း၊ ဆည်မြောင်းစတဲ့ ဌာနတွေက တာဝန်ရှိသူတွေ လာရောက် စစ်ဆေးပါတယ်။ သူတို့က စစ်တပ် အနေနဲ့ ဒီလို မလုပ်ဖို့ စစ်တပ်နဲ့ ညှိနိုင်း ပါတယ်။ ဒါပေမယ့် စစ်တပ်က လက်မခံတဲ့ အတွက် ဖြေရှင်းလို့ မရခဲ့ပါဘူး။ အခု ရွာသားတွေကိုပါ ဒီချောင်းကိစ္စ ပြဿနာ လုပ်ရင် အပြစ်ပေးမယ်လို့ စစ်သားတွေက ကြိမ်းမောင်းထားတဲ့ အတွက် ရွာသား တွေက ဘယ်သူကိုမှ မပြောရဲ မတိုင်ရဲဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

မစရိုင်းချောင်းကျွန်းပေါ်တွင် ရွှေညိုမ၊ ချောင်းကြီးဖျားနှင့် ရွာသစ်ကေ အပါအဝင် ရွာပေါင်း (၆) ရွာ တည်ရှိပြီး ယမန်နှစ်က တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင်း အိမ်များ၊ စာသင်ကျောင်းများပျက်စီးသွား ပြီး တာတမံများလည်း ပြိုပျက်သွားခဲ့သည်။ ကျိုးပျက်သွားသော တာတမံကို ကျေးရွာသားများမှ Save The Children အန်ဂျီအို နှင့် ပေါင်းကူးလူယ်ငယ်များ အဖွဲ့ (ကျောက်ဖြူ) အကူအညီဖြင့် တာတမံများကိုပြန် လည် ဆည်ဖို့ခဲ့သည်။

သို့သော်လည်း ယခုနှစ် ဇူလိုင်လက မိုးကြီးပြီး ဒီရေလိုင်များ တက်လာသဖြင့် တာတမံများမှာ ပြန်လည် ကျိုးပျက်သွားခဲ့သည်။ သို့အတွက် ရွာသားများမှာ ယခုနှစ်တွင် စပါး မစိုက်ပျိုးနိုင်တော့ဘဲ ကြံုသလို ကျဘမ်း လုပ်ကိုင်ပြီး နေထိုင် စားသောက်နေကြရသည်။

ယခုကဲ့သို့ လေဘေးသင့် ပြည်သူများ အခက်အခဲများနှင့် စားစရာ မရှိ၊ ၀တ်စရာ မရှိ၊ နေစရာ မရှိ ဒုက္ခ ပင်လယ်ဝေနေချိန်တွင် စစ်တပ်မှ တခါလာပြီး တပ်ရင်း သက်သာ အတွက် သူတို့ လုပ်ကိုင်စားသောက် နေသော ချောင်းကို သိမ်းကာ ငါးရှာခွင့် ပိတ်လိုက်သဖြင့် အဆိုပါ ဒေသများ ပြည်သူများမှာအခက်အခဲ မျိုးစုံနှင့် ရင်ဆိုင် ဖြစ်ပေါ်နေကြရခြင်း ဖြစ်သည်။

Most read this week