ပြည်သူများကို အတင်း အဓမ္မ ညကင်းစောင့်ခိုင်း

ပြည်သူများကို အတင်း အဓမ္မ ညကင်းစောင့်ခိုင်း
by -
တာကလူး

အာဏာပိုင်များက မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ဒေသ တလျှောက်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဒေသလုံခြုံရေးအတွက် အရပ်သားပြည်သူများကို အတင်းအကျပ် ညကင်းစောင့်ရန် အမိန့်ထုတ်....

အာဏာပိုင်များက မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ဒေသ တလျှောက်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဒေသလုံခြုံရေးအတွက် အရပ်သားပြည်သူများကို အတင်းအကျပ် ညကင်းစောင့်ရန် အမိန့်ထုတ်ထားကြောင်း သတင်း ရရှိသည်။

ကျေးရွာသား တစ်ဦးက “ဓါးပြတွေ သောင်းကျန်းနေတော့ ရွာတိုင်းရွာတိုင်းကို ကင်းစောင့်ရမယ် ဆိုပြီး အမိန့်ထုတ် ထားတယ်။ ဒါကြောင့် ကျွန်တော်တို့ နယ်တွေမှာ ညဥ့်ဆိုရင် ရွာတိုင်းမှာ ကင်းရှိပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဒေသအာဏာပိုင်များမှ ကျေးရွာသားများကို မဖြစ်မနေ ကင်းစောင့်ရမည်ဟု အမိန့်ထုတ်ထားခြင်းမှာ နေပြည်တော်မှ ဒေသအတွင်းရှိ အာဏာပိုင်များကို ဖိအားပေးလာသည့်အတွက် ဖြစ်သည်ဟု ခယက ၀န်ထမ်းတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ဓါးပြတွေကို နှိမ်နှင်းဖို့ ပျက်ကွက်တယ် ဆိုပြီး နေပြည်တော်ကနေ ဒေသခံ ခယက၊ မယက၊ စစ်တပ်၊ နစကနဲ့ ရဲတွေကို ဒီဒေသမှာ ဓါးပြတိုက်မှုတွေ ဆက်ဖြစ်ရင် ဓါးပြတွေကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ မိအောင် ဖမ်းရမယ် ဆိုပြီး လွန်ခဲ့တဲ့ သြဂတ်စ် လလယ်ပိုင်းကနေ အမိန့်ထုတ်ပြန်ထားပါတယ်။ ဓါးပြတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေက တချိန်လုံး ထိုင်စောင့်မယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရပ်ကွက် ကျေးရွာအလိုက် မိမိတို့ ရပ်ရွာ လုံခြုံရေးအတွက် ညနေချိန်မှာ ကင်းစောင့်ကြဖို့ ညွှန်ကြားထားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

နေပြည်တော်မှ ညွန်ကြားသော စာတွင် မြို့ပေါ်တွင် ဓါးပြတိုက်မှု ဆက်ဖြစ်ခဲ့ပါက ခယက၊ မယကနှင့် ရဲများတွင် တာဝန် ရှိကြောင်းနှင့် နစက နယ်မြေများနှင့် စစ်တပ် တပ်ရင်း အနီးအနားရှိ ရွာများတွင် ဖြစ်ပွားပါက နစကနှင့် စစ်တပ်တွင် တာဝန် ရှိကြောင်း ဖေါ်ပြထားသည်ဟု သူက ပြောကြားသည်။

မြန်မာစစ်အစိုးရမှ အနောက်ဘက် ရခိုင်နယ်စပ်တွင် ဒေသလုံခြုံရေး အကြောင်းပြကာ စစ်တပ် တပ်ရင်း (၁၄)ခု၊ နစက နယ်မြေ (၉)ခု၊ ရဲတပ်ရင်း (၂)ခုနှင့် ရဲစခန်း (၉)ခုတို့ကို အခြေစိုက်ထားသည်။

သို့သော်လည်း အင်အား ၂၀ မှ ၃၀ အကြားရှိ ဓါးပြများသည် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို ဘင်္ဂလာဒေခ်ျ့ ဘက်မှ နယ်စပ်ဖြတ်ကျော်ကာ နေ့စဉ် ရက်ဆက်ဆိုသလို ၀င်ရောက် ဓါးပြတိုက်နေကြသည်။

“အခု တိုက်နေတဲ့ ဓါးပြ အဖွဲ့က နှစ်ဖွဲ့ ရှိတယ်လို့ သိရပါတယ်။ အင်အားက ၂၀ မှ ၃၀ အထိ ရှိပါတယ်။ ဓါးပြတွေ ကြီးလာ တော့ သူပုန်တွေ ဖြစ်လာပြီး နစက စခန်းနားက ရွာတွေကိုတောင် ၀င်တိုက်တာပါဘဲ။ ဒါကြောင့် ကျေးရွာအလိုက် ရွာသား ၁၀ ဦး ကျစီ အဖွဲ့ ၂ ခု ကနေ ၃ ခုထိ ဖွဲ့ပြီး ရွာငယ် အကြီးလိုက် ညစဉ်ညတိုင်း ရွာကို လှည့်ပြီး အလှည့်ကျ ကင်းစောင့် နေကြရပါတယ်” ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

ကင်းစောင့်ရန် ပျက်ကွက်သူများကို ဒဏ်ငွေ ၃၀၀၀ အပါအ၀င် အရေးယူမည်ဟု ခယကမှ အမိန့်ထုတ်ထားခြင်းကြောင့် ဒေသခံအရပ်သား ပြည်သူများမှာ မအားလပ်သည့် ကြားမှ ညစဉ်ညတိုင်း ကင်းစောင့်နေကြရကြောင်း သိရှိရသည်။

 

 

Most read this week