ရယက ဥက္ကဟောင်း တစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးကို ပြည်တန်ဆာ အမှုဖြင့် ထောင်ဒဏ် စီရင်

ရယက ဥက္ကဟောင်း တစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးကို ပြည်တန်ဆာ အမှုဖြင့် ထောင်ဒဏ် စီရင်
by -
တာကလူး
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရယက ဥက္ကဟောင်း တစ်ဦးကို တခြား အမျိုးသမီး ရှစ်ဦးနှင့် အတူ ပြည့်တန်ဆာ အမှုဖြင့် ခရိုင် တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိ...

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရယက ဥက္ကဟောင်း တစ်ဦးကို တခြား အမျိုးသမီး ရှစ်ဦးနှင့် အတူ ပြည့်တန်ဆာ အမှုဖြင့် ခရိုင် တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ် တိုင်းကြီး နတလ ကျေးရွာ၌ ဥက္ကဌဟောင်း သန်းမိုး (၄၃-နှစ်)အား ထောင် ၂ နှစ်နှင့် တခြား အမျိုးသမီး ၈ ဦးကို ထောင် တနှစ်စီ အသီးသီးစီ မောင်တော ခရိုင်တရားရုံးမှ ယခုလ ၃ရက်နေ့တွင် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေသခံများ အပြောအရ ဥက္ကဌဟောင်း သန်းမိုးသည် ဒေသခံ ရဲနှင့် နစက အရာရှိများကို လာဘ်ပေးပြီး ဒေသခံ အမျိုးသမီးများနှင့် ဗမာပြည်မမှ အမျိုးသမီးငယ်များကို စုဆောင်းကာ မောင်တောမြို့နယ်ရှိ ပန်းတောပြင်နှင့် ညောင်ချောင်းသို့ သွားသည့် လမ်းဆုံတွင် ဆိုင်ခန်းဖွင့်ပြီး ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း သိသည်။

အဆိုပါ လုပ်ငန်းကို လုပ်ကိုင်ပြီး ၂ နှစ်နီးပါးခန့် အကြာတွင် အာဏာပိုင် များနှင့် အဆင်မပြေရာမှ ယခုနှစ်ဧပြီလက ပြည့်တံဆာ လုပ်ကိုင်သူ အမျိုးသမီး ၈ ဦးနှင့် အတူ ဖမ်းဆီးခံခဲ့ရသည်။

ဥက္ကဌ ဟောင်းသန်းမိုး ဖမ်းဆီးခံခဲ့ရသော်လည်း ယခုအချိန်ထိ ပန်းတောပြင်နှင့် ညောင်ချောင်း လမ်းဆုံတွင် အာဏာပိုင်များနှင့် နားလည်မူယူကာ ဖွင့်လှစ်ထားသော ပြည့်တံဆာ ဆိုင်ခန်း အများအပြား ရှိနေပြီး ပြောင်ပြောင်တင်းတင်း ဖွင့်လှစ် လုပ်ကိုင်နေကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ အဆိုပါ လမ်းဆုံတွင် ပြည်တံဆာခန်း၊ အရက်ဆိုင်နှင့် ဗီဒီယိုရုံ အများအပြား ဖွင့်လှစ်လျက်ရှိပြီး ဖောက်သည်များဖြင့် အမြဲမပြတ် စည်ကားလျက် ရှိသောကြောင့် အဆိုပါ လမ်းဆုံကို နေပြည်တော် လမ်းဆုံ ဟုဆိုလျှင် မောင်တောမြို့နယ်တွင် မသိသူမရှိကြောင်း စုံစမ်းသိရှိရသည်။

Most read this week