စစ်တွေတွင် မိုးစတင် ရွာပြီ

စစ်တွေတွင် မိုးစတင် ရွာပြီ
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အပါအဝင် အနီးအနားက ကျေးလက်ဒေသများတွင် ယမန်နေ့က စတင်ပြီး မိုးရွာသွန်းခဲ့ပြီ....

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အပါအဝင် အနီးအနားက ကျေးလက်ဒေသများတွင် ယမန်နေ့က စတင်ပြီး မိုးရွာသွန်းခဲ့ပြီ ဖြစ်သည်။

စစ်တွေ ကျောင်းတက်လမ်းရပ်ကွက်မှ ကိုဘုချေက စစ်တွေတွင် မိုးစတင်ရွာသွန်းပုံကို ယခုကဲ့သို့ ပြောသည်။

“ မိုးက မနေ့ ညနေက စပြီး ရွာပါတယ်။ မိုးရွာတော့ အအေးဝင်လာပြီး မနေ့ညက အိပ်ရတာလည်း အဆင်ပြေပါတယ်။ ဒီနေ့လည်းရွာပါတယ်။ လူတွေက တော်တော့ကို ပျော်ကြပါတယ်။ ပူအားကြီးတဲ့ အတွက် လူတွေ အိပ်မရဘဲ ဖြစ်နေကြတာ ကြာပါပြီ။ မိုးရွာတဲ့ အတွက် ခုတော့ ရေအတွက် သိပ်ပူစရာ မရှိတော့ဘူး ထင်ပါတယ်။” ဟု ပြောသည်။

စစ်တွေတွင် လူအတော်များများ မိုးပြင်ထဲ ထွက်ကာ မိုးရေချိုးကာ ကခုန် ပျော်မြူးခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

စစ်တွေတွင် ရေအကြီးအကျယ် ရှားပါးနေချိန်တွင် မိုးရွာသွန်းသောကြောင့် ပြည်သူများ အလွန်တရားမှ ပျော်ကြကြောင်းကို ရွှေပြားရပ်ကွက်မှ ဒေသခံတဦးကလည်း ယခုကဲ့သို့ ပြောသည်။

“လူတွေက ဘယ်လိုပျော်မှန်းတောင် မသိတော့ပါဘူး။ နို့မို့ဆို တနေ့တနေ့ကို ရေပြဿနာနဲ့ပဲ အလုပ် ရှုပ်နေကြရတာ။ ပူလည်း တအားပူတယ်။ ရေကလည်း ရှားတယ် ဆိုတော့ လူတွေက အသက်ရှင် ရတာကိုတောင် ငြီးငွေ့နေကြတာ။ အခုလို မိုးစရွာတော့ ရေအခက်ခဲလည်း နည်းနည်း အဆင်ပြေသွားပါတယ်။ ဒါပေမယ့် သောက်ရေကတော့ ရပ်ကွက်တွေ အားလုံးမှာ အခက်အခဲ ရှိနေကြသေးတယ်။”

တခြား ဘောက်သီးစုရပ်ကွက်မှ အမျိုးသမီးတဦးကို မေးကြည့်ရာ သူမက “ ရေနဲ့ ရွှေပေးရင် ရေကိုသာ ရွေးမယ့်အချိန်မှာ မိုးရွာသွန်း ပြီဆိုတော့ ဘယ်လိုပြောမလဲရှင်။ ထီပေါက်သလိုမျိုး ပျော်ပါတယ်။ အခုတော့ အပူကလည်း လျော့သွားပြီ။ ရေကလည်း အရင်လို မရှားတော့ဘူး။” ဟု ပြောသည်။

Sittwe-sea

စစ်တွေတွင် မိုးရွာသော်လည်း ရခိုင်ပြည်နယ်ရှိ တခြားမြို့နယ် အများအပြားတွင် မိုးမရွာသေးသဖြင့် နေပူရှိန်နှင့် ရေရှားပါးသည့် ဒဏ်ကိုရင်ဆိုင် နေကြရပြီး တချို့ နယ်များတွင် ရေကို ဝယ်ယူ၍ မရအောင်ထိ ရှားပါးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေတွင် ယခုနှစ် နွေရာသီ အတွင်း ရေအဓိက ပေးဝေရာ ကန်တော်ကြီးတွင် ရေလုံးဝ ခမ်းခြောက်သွားခဲ့ပြီး ကန််တော်ကြီးသို့ ရေထပ်ဆင့် လွဲပေးသည့် အောင်ဒိုင်ချောင်း ဆည်တွင်လည်း ရေခမ်းခြောက် သွားခဲ့သည်။

ယခုနှစ် မြန်မာပြည် အဝန်းတွင် ဖြစ်ပေါ်ခဲ့သော ရေရှားပါးမူသည် ပြည်သူများ၏ အခြေခံလိုအပ်ချက်ကို အုပ်ချုပ်သူ နအဖ စစ်အစိုးရမှ လျစ်လျူ ရှု့ရာမှ ပေါ်ပေါက်လာသော ရလဒ်ဖြစ်ကြောင်း ပြည်သူများက ပြောဆိုနေကြသည်ဟု သိရသည်။

Most read this week