မေယု သစ်တောကြိုးဝိုင်းမှ ကျွန်းသစ်များကို ဦးတေဇပိုင် ထူးကုမ္ပဏီမှ ထုတ်ယူနေ

မေယု သစ်တောကြိုးဝိုင်းမှ ကျွန်းသစ်များကို ဦးတေဇပိုင် ထူးကုမ္ပဏီမှ ထုတ်ယူနေ
by -
စံလင်း
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တော မြို့နယ်ရှိ မေယု သစ်တော ကြိုးဝိုင်းမှ ကျွန်းသစ်များနှင့် တခြား သစ်မာများကို ဦးတေဇပိုင် ထူးကုမ္ပဏီမှ ထုတ်ယူပြီး ပြည်ပသို့ တင်ပို့ နေသည်ဟု...

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တော မြို့နယ်ရှိ မေယု သစ်တော ကြိုးဝိုင်းမှ ကျွန်းသစ်များနှင့် တခြား သစ်မာများကို ဦးတေဇပိုင် ထူးကုမ္ပဏီမှ ထုတ်ယူပြီး ပြည်ပသို့ တင်ပို့ နေသည်ဟု သိရသည်။

ထူးကုမ္ပဏီသည် အဆိုပါ ကြိုးဝိုင်းသစ်တောမှ လွန်ခဲ့သည့် နှစ်အတွင်းက ကျွန်းသစ်တန်ချိန် ၁၂၀၀ နှင့် အခြားသစ်မာ တန်ချိန်အမြောက် အမြားကို ထုတ်ယူခဲ့သည်။ ယခုနှစ်အတွင်း ကျွန်သစ်တန်ချိန် ၉၀၀ နှင့် အခြားသစ်မာ တန်ချိန် အများအပြားကို ထပ်မံ ထုတ်ယူနေသည်ဟု သစ်တောဌာနမှ ရခိုင် အရာရှိ တဦးက ပြောသည်။

ကျွန်းသစ်များကို စင်္ကာပူ၊ မလေးရှား၊ အိန္ဒိယ နိုင်ငံများသို့ တင်ပို့ ရောင်းချနေပြီး အခြားသစ်မာများကို ဘင်္ဂလားဒေ့ချ် နိုင်ငံသို့ တင်ပို့ ရောင်းချနေကြောင်း သူက ဆက်ပြောသည်။

မေယုသစ်တော ကြိုးဝိုင်းရှိ ကျွန်းပင်များကို ၁၉၆၀ ပြည့်နှစ်ဝန်းကျင်မှ စတင် စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး နှစ် သက်တမ်း ၅၀ နီးပါးရှိ ကျွန်ပင်များဖြစ်သည်။

“အခုထုတ်နေတာက လေးပေပတ်လည် အထက်ကျွန်းပင်တွေကို စတင် ရွေးချယ် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အရိပ် တကြည့်ကြည့်နဲ့ ကျွန်းခင်းတွေကို ပြုစု ပျိုးထောင်လာတဲ့ ဒေသခံ ရခိုင်လူထုတွေကတော့ ဘာမှ အကျိုး မခံစားရတာကို မြင်ရတော့ အထူးစိတ်မကောင်း ဖြစ်မိပါတယ်” ဟု သူက ဆက်ပြောသည််။

ဒေသခံ ပြည်သူများ၏ မကျေနပ်မူများ ပေါ်လာနိုင်သဖြင့် ယခု သစ်ထုတ်ယူရာတွင် မောင်တော-ဘူးသီးတောင် ကားလမ်းဝဲယာမှ ကျွန်းပင်များကို ထုတ်ယူမည်မဟုတ်ဘဲ ချန်ထားခဲ့ မည်ဖြစ်ကြောင်း သူက ပြောသည်။

Mayu-forest

“အခု ထူးကုမ္ပဏီက သစ်ထုတ်ယူနေတဲ့ နေရာမှာ သူတို့က ကျွန်းသစ်တွေ အပြင် သစ်ပင်ဆို အကုန် ခုတ်တယ်။ သူတို့ မခုတ်တာက ကားလမ်း ဘေးဝဲယာမှာ ရှိတဲ့ သစ်တွေကိုတော့ မခုတ်ဘူး။ ခရီးသွား ပြည်သူတွေကို သစ်တောကြိုးဝိုင်းမှ သစ်ပင်တွေ နဂိုအတိုင်း ရှိနေတယ်လို့ ထင်မြင် ယူဆစေလိုတဲ့အတွက် ဖြစ်ပါတယ်“ ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်သည် ဆန်စပါး၊ သဘာဝဓာတ်ငွေ့၊ ရေထွက် ပစ္စည်းနှင့် သစ်တောထွက်ပစ္စည်း စသည့် သဘာဝ သယံဇာတ အထူး ပေါကြွယ်ဝ သော ပြည်နယ်တခု ဖြစ်သော်လည်း အဆိုပါ သဘာသယံဇာတ ပစ္စည်းများကို ရခိုင်ပြည်သူများ အနေဖြင့် တစုံတရာ အကျိုး ခံစားရခြင်း မရှိဘဲ နအဖ စစ်အစိုးရနှင့် သူတို့၏ အပေါင်းအပါများက ၎င်းတို့၏ ဘိုးဘွားပိုင် အမွေအနှစ်များကဲ့သို့ ထုတ်ယူရောင်းစားနေကြောင်း သိရသည်။

Most read this week