ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်

ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်
ပလက်ဝ မြို့နယ်မှ အသက် ၁၈ အရွယ် ရခိုင်အမျိုးသမီး တဦးကို စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာ အခြေစိုက် ခမရ ၂၃၂ မှ ဗိုလ် တဦးက မုဒိမ်းကျင့်ခဲ့ကြောင့် ဗမာပြည် လွှတ်မြောက်ရေး ရိန်းဂျားအဖွဲ့၏ သတင်း တပုဒ်အရ...

ပလက်ဝ မြို့နယ်မှ အသက် ၁၈ အရွယ် ရခိုင်အမျိုးသမီး တဦးကို စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာ အခြေစိုက် ခမရ ၂၃၂ မှ ဗိုလ် တဦးက မုဒိမ်းကျင့်ခဲ့ကြောင့် ဗမာပြည် လွှတ်မြောက်ရေး ရိန်းဂျားအဖွဲ့၏ သတင်း တပုဒ်အရ သိရသည်။

မုဒိမ်းကျင့်ခံရသော အမျိုးသမီး၏ အမည်အား သူမ၏ လုံခြံုရေးအတွက် ဖေါ်ပြ မထားသော်လည်း သူမအား မုဒိမ်းကျင့်သူမှာ ခမရ ၂၃၂ မှ ဒုဗိုလ် ဘိုအောင် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့က ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။

ဖြစ်စဉ် အသေးစိတ်ကို ဖေါ်ပြရာတွင် အဆိုပါ ရခိုင်အမျိုးသမီးငယ်သည် တခြား အဖေါ်နှစ်ဦးနှင့် အတူ ဟင်းသီး ဟင်းရွက် ရှာဖွေရန် သွားစဉ် ဘိုအောင်နှင့် စစ်သား နှစ်ဦးတို့ နောက်မှ လိုက်လာသည်ကို သိရှိပြီးနောက် ရှောင်ရှားရန် ကြိုးစားစဉ် ဘိုအောင်နှင့် စစ်သားများမှ သူတို့ကို ရပ်တန့်ခိုင်းခဲ့ကြောင်း၊ သို့သော်လည်း အမျိုးသမီးများကို စစ်သားများကို ကြောက်သဖြင့် မရပ်တန့်ဘဲ ဆက်လက် လျှောက်သွားရာ စစ်သား တဦးမှ နောက်မှ အပြေးလိုက်လာပြီး သေနတ်နှင့် ချိန်ရွယ်ကာ ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထိုအထဲမှ အမျိုးသမီး နှစ်ဦးမှာ လွှတ်မြောက်သွားသော်လည်း အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ မလွတ်မြောက်နိုင်ဘဲ အသာရမက် ငမ်းငမ်းတက်နေသော နအဖ စစ်သားများ၏ လက်တွင်းသို့ ကျရောက် သွားခဲ့ရကြောင်း ဖေါ်ပြသည်။

ယခုကဲ့သို့ နအဖ စစ်သားများ၏ ဗလက်ကာယ ပြုကျင့်မူကို အဆိုပါ ထွက်ပြေး လွှတ်မြောက် သွားသော အမျိုးသမီး နှစ်ဦးမှ ကျေးရွာ ဥက္ကဌသို့ တိုင်ကြားခဲ့ကြောင်း၊ ကျေးရွာ ဥက္ကဌမှာလည်း အဆိုပါ မုဒိမ်းမူအား စစ်တပ် အထက် အရာရှိများသို့ မတိုင်ကြားဝံ့သဖြင့် ရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား အကြောင်းကြား ခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ဆရာတော်မှ အဆိုပါ တပ်ဖွဲ့မှ ဗိုလ်မှူး အောင်ဆွေအားတိုင်ကြားခဲ့ကြောင်း၊ ဗိုလ်မှူး အောင်ဆွေမှ အဆိုပါ ပြဿနာအား ဖြေရှင်းပြီး သက်ဆိုင်သူ ဘိုအောင်ကို အရေးယူပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဖေါ်ပြသည်။

ဒုဗိုလ် ဘိုအောင်မှာ မကြာခဏ ကျေးရွာသားများထံမှ ဆက်ကြေးငွေ တောင်းခံလေ့ရှိပြီး မပေးနိုင်သူ ကျေးရွာသားများကို အမြဲတန်း နှိပ်စက် ညှဉ်းပမ်းမူများ ပြုလုပ်သူ ဖြစ်သည်ဟု သိရသည်။

ဒုဗိုလ် ဘိုအောင်သည် ဧပြီလ ရ နေ့ကလည်း သူတောင်းသော ကြက်ကို မပေးနိုင်သူ ကျေးရွာသား တဦးကို သတိမေ့သွားအောင်ထိ အပြင်း အထန်ရိုက်ပုတ်ပြီး သေနတ်နှင့် ပစ််ခတ်ကြောင်း၊ သေနတ် မပေါက်သဖြင့် နောက်ထပ် ပစ္စတိုနှင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ရွာသား တဦးကြက်ဖြင့် ရောက်လာသဖြင့် ဘိုအောင်မှ ကြက်ကို ယူပြီး ထိုနေရာမှ ထွက်ခွာ သွားကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြသည်။

၎င်းပြင် ခမရ ၂၃၂ သည် အဆိုပါ ဒေသတွင် ယခုအခါ နှင်းမိုင်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ထောင်နေသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာများ အများအပြား တည်ရှိရာ ရခိုင် အမျိုးသမီးများ အနေဖြင့် ရှေ့တန်းထိုင် နအဖ စစ်သားများ၏ အနှောင့်အယှက် လုပ်မူကို မကြာခဏ ခံနေကြပြီး လွန်ခဲ့သောနှစ် အနည်းငယ်ကလည်း ရခိုင်အမျိုးသမီး တဦးမှာ နအဖ စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းကျင့်မူကို ခံရပြီး သေဆုံး သွားခဲ့သည်။

နဝတ စစ်အစိုးရ အာဏာ သိမ်းပြီးနောက်ပိုင်း ၁၉၉၀ ပတ်ဝန်းကျင်တွင် အဆိုပါ ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာများတွင် ဗမာ စစ်သားများက မီးပုံပွဲများ ပြုလုပ်၍ အရက်များ သောက်ကာ လင်ရှိ - လင်မရှိ အမျိုးသမီးများကို အတင်း ခေါ်ယူပြီး ညစဉ် ညတိုင်း မီးပုံပွဲ လုပ်ကာ စစ်သားများနှင့် ကခိုင်း သဖြင့် အနည်းဆုံး ရခိုင်ကျေးရွာ (၅) ရွာမှာ ပြိုပျက်သွားပြီး အိန္ဒိယ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ထိုကျေးရွာများမှာ ပုန်းညင်းဝ၊ စတင်ဝ၊ ပကာဝ၊ ငွေလက်ဝ စသည့် ရခိုင်ကျေးရွာ ၄ ရွာနှင့် တခြား ကျေးရွာ တရွာမှာ လောင်းကတူး မြုံကျေးရွာ ဖြစ်သည်။

ထိုစဉ်က ပုန်းညင်းဝရွာတွင် နေထိုင်ခဲ့သူ ကိုရဲလင်းအောင်က စစ်သားများ နိုင်ထက် စီးနှင်း ပြုလုပ်မူကို ယခုကဲ့သို့ ပြန်ပြောသည်။

“အဲဒီတုန်းက ကျွန်တော် အသက်ဟာ ၁၄ နှစ်ရှိပါတယ်။ ကျွန်တော်တို့ မိသားစုက အဲဒီတုန်းက အိန္ဒိယနဲ့ မြန်မာ နယ်စပ် ပုန်းညင်းဝ နေပါတယ်။ ကျွန်တော် အထက်က အသက် ၁၇ အရွယ် အစ်မ တဦးရှိပါတယ်။ ရွာသားတွေဟာ စစ်သားတွေ လာတော့မယ်ဆိုရင် ထင်းတွေ စုပုံ ထားရပါတယ်။ တအိမ်ထောင်က အရက် ၂ ပုလင်းနဲ့ ကြက်တကောင်စီ စုထားရပါတယ်။ အဲဒါတွေအားလုံးဟာ စစ်သားတွေ လာတဲ့အခါ သူတို့ ပျော်ပါးဖို့ စီစဉ်ပေးထားရတာ ဖြစ်ပါတယ်။

Arakanese-woman

သူတို့လာတော့မယ် ဆိုရင် အသက် ၄၀ အောက် လင်ရှိ မိန်းမရော လင်မရှိတဲ့ အပျိုအရွယ် မိန်းမရော ရွာမှာ နေပေးရပါတယ်။ မနေရင် သူတို့က ပြောက်ကျားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး လူကြီးတွေကို ဖမ်းဆီး ရိုက်နှက် ပါတယ်။ စစ်သားတွေ ရွာကို ရောက်လာတဲ့ ညကျရင် ရွာသားတွေက ထင်းတွေနဲ့ မီးဖိုပေးရပြီး စစ်သားတွေက အရက်တွေ သောက်ပြီး ရွာက မိန်းမတွေနဲ့ မိုးအလင်း တွဲက ကြပါတယ်။ ကတဲ့ အခါမှာလည်း မဖွယ်မရာတွေ လုပ်ပါတယ်။ ရွာသားတွေ အကုန်လုံး လာပြီး မီးပုံပွဲမှာ လက်ခုတ် တီးပေးရပါတယ်။ စစ်သားတွေ ပြောတာကတော့ ဒေသ လူထု စည်းရုံးရေး အတွက် လုပ်တယ်လို့ ပြောပါတယ်။

တချို့ယောင်္ကျားတွေဟာ ကိုယ့်မိန်းမ စစ်သားတွေနဲ့ ကနေတာကို မမြင်ချင်ပေမယ့် လက်ခုတ်တီးပြီး အားပေးရပါတယ်။ မဟုတ်ရင် အသတ်ခံရနိုင်ပါတယ်။ ကျွန်တော် အစ်မလည်း စစ်သားတွေနဲ့ ကရပါတယ်။ တနေ့တော့ စစ်သားတွေ လာမယ် ဆိုတာကို သိတော့ ကျွန်တော် အစ်မက စစ်သားတွေနဲ့ မကချင်တာကြောင့် ကျွန်တော်ကို ခေါ်ပြီး တခြား အနီးအနားက ရွာ တရွာကို ထွက်ပြေးခဲ့ကြပါတယ်။ အဲသလို ထွက်ပြေးသွားတာကို သိတဲ့အတွက် စစ်သားတွေဟာ ကျွန်တော့် အဖေကို လက်ပြန်ကြိုး တုတ်ပီး အပြင်းအထန် ရိုက်နှက်ပါတယ်။ ဒဏ်ငွေလည်း တထောင် တပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မိသားစုတွေ အပါအဝင် ရွာသားတွေ အကုန်လုံးဟာ အိန္ဒိယ ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။” ဟု ပြောသည်။

ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်ထဲတွင် တည်ရှိသော်လည်း အဆိုပါ မြို့နယ်တွင် ရခိုင်ကျေးရွာ အများ အပြားတည်ရှိသည်။ အထူူးသဖြင့် အိန္ဒိယ နယ်စပ် တလျှောက်တွင် တည်ရှိသော ရခိုင်ကျေးရွာများတွင် ယခုကဲ့သို့ နဖအ ဗမာ စစ်သားများ၏ နိုင်ထက်စီးနှင်း လုပ်မူကို အမျိုးသမီးများ အနေဖြင့် ခံနေကြရသည်ဟု သိရသည်။

Most read this week