ဆင်လိုက်၍ ထွက်ပြေးရာမှ နအဖ စစ်သားတဦး သေဆုံး

ဆင်လိုက်၍ ထွက်ပြေးရာမှ နအဖ စစ်သားတဦး သေဆုံး
by -
မင်းအောင်
ဘူးသီးတောင် အခြေစိုက် တပ်ရင်း တရင်းမှ စစ်သား တဦးမှာ ဆင်ရိုင်းများလိုက်၍ ထွက်ပြေးစဉ် တောင်ပေါ်မှ လိမ့်ကျပြီး သေဆုံးသွားကြောင်း...

ဘူးသီးတောင် အခြေစိုက် တပ်ရင်း တရင်းမှ စစ်သား တဦးမှာ ဆင်ရိုင်းများလိုက်၍ ထွက်ပြေးစဉ် တောင်ပေါ်မှ လိမ့်ကျပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ စစ်သားမှာ တပ်သား မင်းနောင်ဖြစ်ပြီး မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ် ချောင်းဖျားတွင် ဆင်များကို လိုက်လံဖမ်းဆီးနေသော စစ်တပ်ဖွဲ့မှ ဖြစ်သည်ဟု သိရသည်။

တပ်သား မင်းနောင်မှာ သေဆုံးသွားပုံကို မြင်းလွှတ်ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။

“တောဆင်ရိုင်းတွေကို စစ်တပ်က လိုက်ဖမ်းနေတဲ့ အတွက် ဆင်တွေက မကျေမနပ် ဖြစ်နေပုံရပါတယ်။ ဒါကြောင့် တွေ့တဲ့ လူကို သူတို့က တိုက်ခိုက် နေပါတယ်။ ခုသေသွားတဲ့ စစ်သား ကိုလည်း ဆင်တွေက မြင်တာနဲ့ လိုက်လံ တိုက်ခိုက်တော့ ထွက်ပြေးရာကနေ နောက်ဆုံး တောင်စောင်းပေါ်က လိမ့်ကျပြီးတော့ သေဆုံးသွားတာ ဖြစ်ပါတယ်။ သူ့အလောင်းကို ကျွန်တော်တို့ ရွာကလူတွေ သွားယူပြီး မောင်တောဆေးရုံကို ပို့လိုက်ရပါတယ်။ ဆေးရုံမှာ စစ်ဆေးတော့ ဘာဒဏ်ရာမှ မတွေ့ရဘူးလို့ သိရပါတယ်။”

ယခုအခါ တောဆင်ရိုင်းများကို စစ်တပ်မှ ဗိုလ်ကြီး အောင်သူဟိန်း၊ ဗိုလ်ကြီး ဟိန်းခန့်နှင့် ဘူးသီးတောင် ၅ မိုင် ဆင်ထိန်းစခန်းမှ ဦဖေသန်းတို့ ဦးဆောင်ပြီး အုပ်စုဖွဲ့ကာ မြန်မာ နိုင်ငံ အနောက်ဘက် မယူတောင်တန်းတလျှောက်တွင် လိုက်လံ ဖမ်းဆီးနေသည်။

ဘူးသီးတောင် တောင်ပိုင်းနှင့် မောင်တောမြို့နယ် တခုလုံးတွင် ဆင်ဖြူတော် လေ့လာရေး လုပ်ငန်း ဟု ခေါင်းစဉ်တပ်ကာ စစ်တပ် တပ်ရင်းများမှ လွန်ခဲ့သောနှစ် ဒီဇင်္ဘာလမှ စတင်၍ ဆင်များကို လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဒေသအတွင်းက လာသော သတင်းများ အရ သိရသည်။

၎င်းဆင်ဖမ်းအဖွဲ့များသည် ဆင်များကို ဖမ်းဆီးသည်သာမက အစွယ်ရှင် ဆင်ရိုင်းများကိုလည်း ပစ်ခတ် ဖမ်းဆီးနေသည်ဟု သိရသည်။

ဖမ်းဆီး ရမိသောဆင်များကို ငါးမိုင် ဆင်ထိန်း စခန်းသို့ ပို့ဆောင်ပြီး ယဉ်ပါးအောင် ထိန်းသိမ်း လေ့ကျင့် ပေးကာ မြန်မာပြည်မသို့ ပို့ဆောင်သော်လည်း ပစ်ခတ် ဖမ်းဆီး ရရှိသော ဆင်စွယ်များကိုမူ ၎င်းတို့၏ ကိုယ်ကျိုးအတွက် ဒေသအတွင်းက စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့ ရောင်းချသည်ဟု သိရသည်။

ယခုကဲ့သို့ ဆင်များကို လိုက်လံ ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် မယူ တောင်တန်းတွင် နေထိုင် ကျက်စားနေကြသော တောဆင်ရိုင်းများ အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာနေသည်ဟု သိရသည်။

ဒေသခံများ အပြောအရ ဘင်္ဂလာဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသသို့ မြန်မာဘက်မှ ဆင်များ ၀င်ရောက် ခိုအောင်းမူ ရှိနေပြီး တောဆင်ရိုင်းများ ဒေသခံများ စိုက်ပျိုးထားသော တောင်ယာခင်းများကို ၀င်ရောက်ဖျက်ဆီးမူများ ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများကို ကာကွယ်စောင့်ထိန်းရန် ဥပဒေများ ချမှတ် ပြဌာန်း ထားသော်လည်း ဒေသအတွင်း တပ်စွဲထားသော စစ်တပ် တပ်ရင်းများမှ ဆင်ရိုင်းများကို ဥပဒေမဲ့ ပစ်ခတ် ဖမ်းဆီးမူများကို ပြုလုပ်နေသည်ဟု သိရသည်။

Most read this week