ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည်

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည်
ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် များမကြာမှီ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သံတမန် သတင်းရပ်ကွက် အရ...

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာသည် များမကြာမှီ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သံတမန် သတင်းရပ်ကွက် အရ သိရသည်။

သူမ၏ ခရီးစဉ်အတွက် သွားရောက်မည့် နေ့ကို မသတ်မှတ်ရ သေးသော်လည်း ခရီးစဉ်အတွင်း သဘောတူညီမူ အများအပြားကို လက်မှတ်ရေးထိုးရန်ရှိကြောင်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူမအနေဖြင့် မူးယစ်ဆေးဝါး တားဆီးရေးကိစ္စ၊ လူမှောင်ခိုမူတားဆီးရေး ကိစ္စ၊ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များ ပြန်ပို့ရေး ကိစ္စနှင့် နယ်စပ်အခြေအနေ ပုံမှန်ရောက်ရှိရေး ကိစ္စရပ်များ အပေါ် သဘောတူ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိသည်ဟု ပြောသည်။

ယခုအခါ သူမ၏ မြန်မာ ခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်ဘက်နိုင်ငံ အရာရှိကြီးများ အသေးစိတ် တွေ့ဆုံ ဆွေးနွေး နေကြသည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာနက သူမ၏ မြန်မာ ခရီးစဉ်နှင့် ပတ်သက်ပြီး အချိန်ဇယား မသတ်မှတ်ရသေးကြောင်း သို့သော်လည်း ယခုနှစ်အတွင်း သွားရောက်မည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖေါ် ပြောကြားသည်။

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် အနေဖြင့် မြန်မာနိုင်ငံနှင့် အငြင်းပွားနေသော ရေပြင်ပိုင်နက်နှင့် နယ်ခြားမျဉ်းသတ်မှတ်ရေး အတွက် သူမ၏ ကိုယ်ပိုင် သံတမန်ရေးအရ မြန်မာ စစ်အစိုးရနှင့် ချဉ်းကပ်ကြိုးစားပြီး ဖြေရှင်းလို သည်ဟု သံတမန် သတင်းရပ်ကွက်က ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် ဆက်ဆံရေးမှာ ယခုအခါ တိုးတက် ကောင်းမွန်လာပြီးနောက် ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ မြန်မာ့သို့ သွားရောက် လည်ပတ်မည့် ခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ရှိတ်ဟာဆီးနာမှာ ဘင်္ဂလာဒေချ့် လွတ်လပ်ရေး ဖခင် ရှိတ်မူဂျီဘူ ရာဟာမန်၏ သမီးဖြစ်ပြီး သူမ အတိုက်အခံ ဘဝတွင် ရှိနေစဉ် ထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ သူမနှင့် အိမ်နီးနားချင်း ဘဝတူ ညီအစ်မ ဖြစ်ကြောင်း ပြောကြားဖူးသည်။

Most read this week