စစ်တွေမှ ဆရာတော်များ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့်ဝေး

စစ်တွေမှ ဆရာတော်များ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့်ဝေး
ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးကျောင်း အများဆုံး ဖြစ်သော စစ်တွေမြို့မှ ဆရာတော် တပါးတလေမှ နအဖ စစ်အစိုးရမှ ဆပ်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ် တော်များကို ရရှိခြင်း...

ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးကျောင်း အများဆုံး ဖြစ်သော စစ်တွေမြို့မှ ဆရာတော် တပါးတလေမှ နအဖ စစ်အစိုးရမှ ဆပ်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့ တံဆိပ် တော်များကို ရရှိခြင်း မရှိကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ဆရာတော်တပါးအား လျှောက်ထားမေးကြည့်ရာ “ စစ်တွေက စစ်အစိုးရကို ဆန့်ကျင်တဲ့နေရာမှာ ထိပ်ဆုံးက ရှိနေတော့ နအဖက စစ်တွေက ဆရာတော်တွေကို ဘယ်ဘွဲ့တံဆိပ်တွေ ပေးပါမလဲ။ စစ်အစိုးရကို ဆန့်ကျင် သပိတ်မှောက်တဲ့ နေရာမှာ ကျောင်းတိုက်တိုင်းက သံဃာတော် တပါးမဟုတ်ရင် တပါးပါနေတော့ စစ်အစိုးရက ခုလို စစ်တွေက ဆရာတော်ကြီးတွေကို ဘေးဖယ် ထားလိုက်တာ ဖြစ်ပါတယ်။” ဟု သူက ပြောသည်။

မြန်မာ နအဖ စစ်အစိုးရမှ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့က အမိ်န့်ကြော်ငြာစာ အမှတ် ( ၁ / ၂၀၁၀) ဖြင့် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆပ်ကပ်ခဲ့သည်။

ထိုသို့ ဆပ်ကပ်ရာတွင် စစ်တွေ အပါအဝင် ရခိုင်ပြည်နယ် တဝှန်းလုံးတွင် သာသနာ့ အကျိုး သယ်ပိုးနေသော သက်တော်ကြီး ၀ါတော်ကြီးများ ရှိသော်လည်း ဆရာတော်ကြီး တပါးတလေကိုမှ အဆင့်မြင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်း မရှိကြောင်း သိရသည်။

monk-Saradaw285

စစ်တွေ စာသင်တိုက် တခုမှ စာချဆရာတော် တပါးက “အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တော့ တပါးရပါတယ်။ အဲဒီ ဆရာတော်က ဘဒ္ဒန္တဉာဏဝံသဖြစ်ပါတယ်။ ဂွမြို့နယ် ကျိန္တလီမြို့ လယ်တီတောင်ပေါ်ကျောင်း ပရယတ္တိ

စာသင်တိုက်က ဖြစ်ပါတယ်။ နောက်ထပ် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့ရတာက တောင်ကုတ် တပါး၊ ရမ်းဗြဲက တပါး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က မြို့ကြီးတွေက ဆရာတော်ကြီး တပါးမှ မရပါဘူး” ဟု ပြောသည်။

၎င်းပြင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို မောင်တောမြို့နယ် တရိန်းကျေးရွာ ထေရဝါဒ သာသနာပြုကျောင်းမှ ဘဒ္ဒဉာဏမှ ရရှိပြီး နှင့် မင်းပြားမြို့နယ် ဖါးပျို ကျေးရွာ သာသနာ ပြုကျောင်းမှ ဘဒ္ဒန္တ ၀ါရိတ္တက ရရှိသည်။

အဆိုပါ ဆရာတော် နှစ်ပါးမှာ နအဖ စစ်အစိုးရ၏ ခိုင်းစေချက်အရ သာသနာပြုနေသော ဆရာတော် ၂ ပါး ဖြစ်ပြီး နအဖ စစ်အစိုးရကို လိုလားသော ဆရာတော်များ ဖြစ်သည်ဟု မောင်တောမှ ဆရာတော် တပါးက ပြောသည်။

စစ်တွေမှ ဆရာတော်ကြီး တချို့မှ နအဖ ထံမှ ဘွဲ့တံဆိပ်များကို မျှော်ကိုးပြီး ယခုနှစ် ၀ါတွင်းက စစ်တွေတွင် ပေါ်ပေါက်မည့် ဆန္ဒပြပွဲများကို တားဆီးခဲ့သော်လည်း ဘွဲ့တံဆိပ်တော် ဆပ်ကပ်သော အခါ နာမည် ပါမလာသဖြင့် အထူး စိတ်မကောင်း ဖြစ်နေကြသည်ဟု စစ်တွေမှ စာချ ဆရာတာ်က ပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးကတည်းမှ စစ်တွေမှ ဆရာတော်ကြီးများကို နအဖ စစ်အစိုးရမှ အဆင်မြှင့် ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခြင်း မရှိတော့ကြောင်း သိရှိရသည်။

Most read this week