ရမ်းဗြဲမြို့နယ် ရပဒင်ကျေးရွာ လူကြီး ၁၂ ဦးကို မယက ဥက္ကဌ ကို မတိုင်ကြားဘဲ တံတား အသစ် တည်ဆောက်သည့် အတွက် တရားစွဲ

ရမ်းဗြဲမြို့နယ် ရပဒင်ကျေးရွာ လူကြီး ၁၂ ဦးကို မယက ဥက္ကဌ ကို မတိုင်ကြားဘဲ တံတား အသစ် တည်ဆောက်သည့် အတွက် တရားစွဲ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ဆည်ခုံအုပ်စု ရပဒင်ကျေးရွာမှ ကျေးရွာ လူကြီး ၁၂ ဦးအား မယက ဥက္ကဌအား မတိုင်ကြားဘဲ ပျက်စီးသွားသော တံတားကို ကိုယ်ထူ ကိုယ်ထ ပြန်လည် တည်ဆောက်ခဲ့သဖြင့် သက်ဆိုင်ရာမှ တရားစွဲထားသည်ဟု သတင်းရရှိ ...

 
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ဆည်ခုံအုပ်စု ရပဒင်ကျေးရွာမှ ကျေးရွာ လူကြီး ၁၂ ဦးအား မယက ဥက္ကဌအား မတိုင်ကြားဘဲ ပျက်စီးသွားသော တံတားကို ကိုယ်ထူ ကိုယ်ထ ပြန်လည် တည်ဆောက်ခဲ့သဖြင့် သက်ဆိုင်ရာမှ တရားစွဲထားသည်ဟု သတင်းရရှိသည်။
 
အမည်မဖေါ်လိုသူ ကျေးရွာသား တဦးက “ရပ်ရွာ လူကြီး ၁၂ ဦးကို တရားစွဲဆိုထားတာက မြို့နယ် မယက ဥက္ကဌ ဦးအောင်ကျော်ဇော ဖြစ်ပါတယ်။ တံတား တည်ဆောက်တာကို မယကကို အကြောင်း မကြားတဲ့အတွက် ဥပဒေကို ချိုးဖေါက်တယ်ဆိုပီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
 
အဆိုပါ တံတားမှာ ဇွန် ၅ ရက်နေ့က ဦးထွန်းလွင် ပိုင်ဆိုင်သော နွားများ ဖြတ်သန်းသွားစဉ် ကျိုးကျခဲ့သည်ဟု သိရသည်။ အဆိုပါ တံတားမှာ ၁၀ ပေ အရှည်ရှိပြီး ရမ်းဗြဲ-ကျောက်ဖြူ ကားလမ်းမှ ၂ ဖါလုံကျော် အကွာအဝေးတွင် တည်ရှိသည်။
 
ထိုသို့ ကျိုးသွားသဖြင့် ရပဒင်ကျေးရွာမှ ရပ်မိ ရပ်ဖများမှ ကျိုးကျသွားသော သစ်သား တံတားကို ဖယ်ရှားပြီး ရွာမှ စုပေါင်းထည့်ဝင်ငွေနှင့် အဆိုပါ တံတားကို သံကူ ကွန်ကရစ် တံတား အဖြစ် တည်ဆောက်ခဲ့ကြသည်ဟု သိရသည်။
 
“တံတားက လူသွား လူလာများပြီး ဆိုင်ကယ်၊ ထွေလာဂျီနဲ့ နွားတွေ မကြာခဏ ဖြတ်သန်း သွားလာနေတော့ အန္တရာယ် ဖြစ်မှာကို စိုးရိမ်ပြီး ပဒရင်ကျေးရွာက လူကြီးတွေက ရွာက ပိုက်ဆံကောက်ပြီး တံတားကို ပြန်လည် တည်ဆောက်ခဲ့ကြတာပါ။ ဒါကို မယကကို အကြောင်းမကြားဘဲ တည်ရှိပီးသား တံတားကို ဖျက်ပီး တံတား အသစ် တည်ဆောက်တဲ့အတွက် ဥပဒေကို ချိုးဖေါက်တယ် ဆိုပီး အတင်း ရပ်ရွာ လူကြီး ၁၂ ဦးကို လက်မှတ်ထိုးခိုင်းပြီး တရားစွဲဆို ထားပါတယ်” ဟု အဆိုပါ ကျေးရွာသားက ပြောသည်။
 
တရားမစွဲဆိုမှီ မယက ဥက္ကဌ ဦးအောင်ကျော်ဇောက အဆိုပါ ကျေးရွာမှ ရပ်မိ ရပ်ဖများအား ရမ်းဗြဲမြို့သို့ သုံးကြိမ် တိုင်တိုင်ခေါ်ယူခဲ့ပြီး ဆဲဆိုကြိမ်းမောင်းမူများ ပြုလုပ်ကာ ဥပဒေကို နားမလည်သော ရပ်မိ ရပ်ဖ ၁၂ ဦးအား ဥပဒေကို ချိုးဖေါက်မိကြောင်း အတင်း လက်မှတ်ရေးထိုးခိိုင်ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
 
ယခုကဲ့သို့ တရားစွဲဆိုထားသဖြင့် အဆိုပါ ကျေးရွာမှ အရပ်လူကြီး ၁၂ ဦးမှာ လယ်ယာ စိုက်ပျိုးချိန်တွင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ယခုအခါ အပတ်စဉ် ရမ်းဗြဲ တရားရုံးသို့ သွားရောက်ပြီး အမူကို ရင်ဆိုင်နေကြရသည်ဟု သိရသည်။
 
(တရားစွဲခံရသည့် ရပ်မိ ရပ်ဖ ၁၂ ဦး နာမည်အား မဖေါ်ပြလိုက်ခြင်းမှာ သတင်းပေးပို့သူ ကျေးရွာသား၏ မေတ္တာရပ်ခံချက်အရ ဖြစ်ပါသည်၊)

Most read this week