နယ်စပ် အငြင်းပွားမှု နစကနှင့် ဘီဒီအာရ် တွေ့ဆုံ

နယ်စပ် အငြင်းပွားမှု နစကနှင့် ဘီဒီအာရ် တွေ့ဆုံ
တာကလူး မြန်မာဘက်မှ နတ်မြစ်ကမ်းခြေ တလျောက်တွင် တည်ဆောက်နေသော ခြံစည်းရိုး ကာရံမူ အပေါ် ဖြေရှင်းနိုင်ရန် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်ခြား စောင့်တပ်ဖွဲ့များသည် ကြာသပတေးနေ့က တောင်ပြို နစကစခန်းတွင် တွေ့ဆုံပြီး အလံတင် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ...

တာကလူး မြန်မာဘက်မှ နတ်မြစ်ကမ်းခြေ တလျောက်တွင် တည်ဆောက်နေသော ခြံစည်းရိုး ကာရံမူ အပေါ် ဖြေရှင်းနိုင်ရန် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်ခြား စောင့်တပ်ဖွဲ့များသည် ကြာသပတေးနေ့က တောင်ပြို နစကစခန်းတွင် တွေ့ဆုံပြီး အလံတင် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နစကနယ်မြေ(၃) နယ်မြေမှူး ဗိုလ်မှုးသန်းဌေး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဘင်္ဂလာဒေ့ရှ်ဘက်မှ ဘီဒီအာတပ်ရင်း(၁၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆ(ခ်)ဝပ်ဟူဆိန်းဦးဆောင် သော ဘင်္ဂလာ ကို်ယ်စားလှယ် အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲမှာ တစ်နာရီကြာမြှင့် သော်လည်း တစုံတရာ ပြေလည်မူ မရရှိခဲ့ကြောင်း နစက သတင်း ရပ်ကွက်က ပြောသည်။

မြန်မာဘက်မှ ခြံစည်းရိုးကာရံရန် နယ်စပ် (ဇီရို) မျဉ်းကြောင်းမှ ကိုက် ၈ဝ အတွင်း တာရိုးများ တည်ဆောက်နေသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ဘက်မှ ကန့်ကွက်မူများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံ အလံတင် အစည်းအဝေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ နယ်စပ်တွင် မြန်မာဘက်မှ တာရိုးများ တည်ဆောက်နေမူနှင့် ပတ်သက်ပြီး နှစ်ဘက် နိုင်ငံအကြား သဘောတူညီမူ မရသဖြင့် နှစ်နိုင်ငံနယ်စပ် အခြေအနေမှာ ပြန်လည် တင်းမာ လာခဲ့သည်။

ထိုဆွေးနွေးပွဲတွင် မြန်မာနစကဘက်မှ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ၏ ၁၉၉၈-ခု သဘောတူညီချက် အတိုင်း ဆည်တည်ဆောက်နေခြင်းဖြစ်ကြောင်း တင်ပြခဲ့ကြပြီး၊ ဘင်္ဂလာဒေ့ရှ်ဘီဒီအာဘက်မှ ယခု တာရိုး တည်ဆောက်နေခြင်းမှာ နယ်ခြားမျဉ်းမှ ကိုက် ၅ဝ အတွင်းတွင် ရှိနေသဖြင့် အဆိုပါ ကိစ္စကို ဖြေရှင်းရန်အတွက် ရက်အနည်းငယ်ကြာ ရပ်ဆိုင်းထားရန် တောင်းဆိုတင်ပြခဲ့သည်ဟု သိရသည်။

အဆိုပါဆည်ကို မောင်တော စည်ပင်မှ တည်ဆောက် နေခြင်းဖြစ်ပြီး၊ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမှ တည်ဆောက်နေခြင်း မဟုတ်ကြောင်း၊ ဘင်္ဂလာဒေ့ရှ်အနေနှင့် လွန်ကဲစွာ မပြုမူသင့်ကြောင်းကို နစကမှ ဘီဒီအာအား သတိပေး ပြောကြားခဲ့သည်ဟု ဘင်္ဂလာမှ သတင်းတရပ်တွင် ဖေါ်ပြသည်။

မြန်မာနှင့် ဘင်္ဂလာနယ်စပ်မှာ ကီလိုမီတာ (၃ဝဝ) ကျော်ရှည်လျားပြီး အများဆုံးအပိုင်းကို နတ်မြစ်က ပိုင်းခြာထားသည်။

မျက်မြင်သက်သေများ၏အဆိုအရ အဆိုပါဆည်ကို နယ်စပ်ခြံစည်းရိုး ကာရံရန် အတွက် တည်ဆောက်နေခြင်း ဖြစ်ပြီး လွန်ခဲ့သောရက်အနည်းငယ်အတွင်း ပေ (၃ဝဝ)ကျော် တည်ဆောက် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောနှစ် နိုဝင်္ဘာလတွင် မြန်မာဘက်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေရန် ဘင်္ဂလာဒေ့ရှ် ရေပိုင်နက် အတွင်းသို့ ချင်းနင်းဝင်ရောက်ခဲ့သည်ဟု ဘင်္ဂလာက စွပ်စွဲမူ ပေါ်ပေါက်ပြီး နောက်ပိုင်း အခင်းဖြစ်ရာ နေရာသို့ ရေတပ် စစ်သင်္ဘောများ စေလွှတ်ခဲ့ကြသည်ထိ နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

သို့သော်လည်း သံတမန်နည်းဖြင့် ဖြေရှင်းခဲ့ကြသဖြင့် ပြဿနာမှာ နောက်ပိုင်းတွင် တစ်စုံတစ်ရာ ပြင်းထန်မူ မရှိဘဲ ပြေငြိမ်းသွားခဲ့သည်။

Most read this week