အိန္ဒိယက မြန်မာ၌ ထရက်ကား စက်ရုံ တည်ဆောက်မည်

အိန္ဒိယက မြန်မာ၌ ထရက်ကား စက်ရုံ တည်ဆောက်မည်
by -
တာကလူး
အိန္ဒိယနိုင်ငံမှ ယူအက်စ်ဒေါ်လာ သန်း(၂ဝ)ရင်းနှီး မြှပ်နှံပြီး တာတာ Tata Motors ထရက်ကားစက်ရုံတစ်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေသည်။ “နှစ်နိုင်ငံ အစိုးရတွေက ထရက်ကား စက်ရုံတစ်ခု တည်ဆောက်ပေးဖို့ ကျွန်တော်တို့ဆီကို လာချဉ်းကပ်တယ် ...

အိန္ဒိယနိုင်ငံမှ ယူအက်စ်ဒေါ်လာ သန်း(၂ဝ)ရင်းနှီး မြှပ်နှံပြီး တာတာ Tata Motors ထရက်ကားစက်ရုံတစ်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေသည်။

“နှစ်နိုင်ငံ အစိုးရတွေက ထရက်ကား စက်ရုံတစ်ခု တည်ဆောက်ပေးဖို့ ကျွန်တော်တို့ဆီကို လာချဉ်းကပ်တယ်။ မြန်မာအစိုးရနဲ့ဆွေးနွေးပြီးတာနဲ့ အဲဒီစက်ရုံကို အလျင်အမြန် အကောင်အထည် ဖေါ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ် ” ဟု တာတာကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များအား ယမန်နေ့က ပြောကြားလိုက်သည်။

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ၏ သဘောတူညီချက် အရ တစ်နှစ်လျှင် ကားစီးရေ ၁၅ဝဝ ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ခုကို တာတာ ကုမ္ပဏီမှ တည်ဆောက် ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း မည်သည့်အချိန်၊ မည်သည့်နေရာ၌ လုပ်ငန်း စတင်မည်ကို အဆိုပါ အရာရှိက ထုတ်ဖေါ်ပြောကြားခြင်း မရှိကြောင်း သိရသည်။

တာတာကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော ထရက်ကား ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာမည် ဖြစ်သော်လည်း ထိုကားထုတ်လုပ်ရေး စီမံကိန်း၌ တာတာ ကုမ္ပဏီမှ အရင်းအနှီး တစ်စုံတရာ ပါဝင်လိမ့်မည်မဟုတ်ကြောင်းသိရသည်။

လွန်ခဲ့သော ဖေဖေါ်ဝါရီလတွင် အိန္ဒိယဒုသမ္မတ အမ်ဟာမိတ်အန်ဆာရီ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ် နှစ်နိုင်ငံစီးပွါးရေး တိုးမြှင့် လုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ (၃)ခုကို နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသည် အဆိုပါကားထုတ်လုပ်ရေးစီမံကိန်းသာမက ရေနံနှင့် သဘာဝဓါတ်ငွေ့ စမ်းသပ်ရှာဖွေ တူးဖေါ်ခြင်း၊ အဝေးပြေး ကားလမ်းများ ဖေါက်လုပ်ခြင်း၊ တာတမံများ တည်ဆောက်ခြင်း၊ လျှပ်စစ် ထုတ်လုပ်ခြင်း၊ တယ်လီဖုံး ဆက်သွယ်ရေးနှင့် ပြန်ကြားရေး နည်းပညာဆိုင်ရာ စီမံကိန်းများကိုပါ စစ်အစိုးရနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည်။

မြန်မာ့နိုင်ငံရေး သုံးသပ်သူများက အိန္ဒိယသည် အာရှတိုက်တွင်အကြီးမားဆုံးသော ဒီမိုကရေစီနိုင်ငံ တစ်ခုဖြစ်သော်လည်း ဒီမိုကရေစီရေး အတွက် မြန်မာစစ်အစိုးရအား တစ်စုံတရာ တိုက်တွန်းခြင်းမရှိဘဲ သံယံဇာတပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် တရုတ်ကဲ့သို့ စီးပွါးရေးလွှမ်းမိုးမှုရှိရေးကိုသာ ကြိုးပမ်းနေသည်ဟု ဝေဖန်ပြောကြားနေကြသည်။

Most read this week