မြန်မာ့ ဒုက္ခသည်မိသားစုတစု ဒက္ကားမြို့ UNHCR ရုံးတွင် ဆန္ဒပြ

မြန်မာ့ ဒုက္ခသည်မိသားစုတစု ဒက္ကားမြို့ UNHCR ရုံးတွင် ဆန္ဒပြ
by -
မောင်ရမ္မာ
မြန်မာနိုင်ငံမှ ရောက်ရှိနေသော ဒုက္ခသည်မိသားစုတစု ဒက္ကားမြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးတွင် ဆန္ဒပြတောင်းဆိုနေသည်ဟု သိရသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုခြင်းကို ဒက္ကားမြို့ရှိ မြန်မာဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသော ရုံးတွင် ...

 (နိရဥ္စရာ) မြန်မာနိုင်ငံမှ ရောက်ရှိနေသော ဒုက္ခသည်မိသားစုတစု ဒက္ကားမြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးတွင် ဆန္ဒပြတောင်းဆိုနေသည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုခြင်းကို ဒက္ကားမြို့ရှိ မြန်မာဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသော ရုံးတွင် ယနေ့နေ့လည် ၂နာရီမှစပြီး ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။

ဆန္ဒပြတောင်းဆိုနေသော မိသားစုမှာ မြို့ပေါ် ဒုက္ခသည်တဦးဖြစ်သူ ဦးမောင်အောင် မိသားစုဖြစ်ပြီး ၎င်းမိသားစုတွင် ဦးမောင်အောင်အပါအဝင် သူ၏ဇနီးနှင့် ကလေးငယ် ၄ယောက်ပါ၀င်သည်ဟု သိရသည်။

ဆန္ဒပြတောင်းဆိုရခြင်းနှင့်ပတ်သက်ပြီး ဦးမောင်အောင်က “ကျနော်တို့မိသားစုကို ရုံးကိုခေါ်ပြီးတော့ ယခင်ထောက်ပံ့နေတဲ့ အထောက်အပံံ့တွေကို ဖြတ်တောက်လိုက်တယ်။ နောက်ပီး ကလေးတွေ အတွက် ပညာသင်ထောက်ပံ့နေတာကိုလည်း ဖြတ်တောက်လိုက်တယ်။ ဒီလိုဖြတ်တောက်လိုက်တော့ ကျနော်တို့ ဘယ်လိုရပ်တည်မှာလဲ၊ ဒါကြောင့် လာစာပုံမှန်ထောက်ပံပေးဖို့၊ ကလေးတွေရဲ့ ပညာရေးအတွက် ဆက်လက်ထောက်ပံ့ပေးဖို့နဲ့ ကျနော်ရဲ့ မျက်စိရောဂါကို ကုပေးဖို့ တောင်းဆိုပါတယ်။ ဒါတွေကို သူတို့က ဘာမှ မပေးနိုင်ဘူးလို့ ပြောတာကြောင့် ကျနော်တို့ ဆန္ဒပြ တောင်းဆိုရတာဖြစ်တယ်”ဟု နိရဥ္စရာကို ပြောသည်။

UNHCR က သူတို့မိသားစုကို ယခုကဲ့သို့ ထောက်ပံ့နေမှုများကို ဖြတ်တောက်လိုက်သည့်အတွက် သူတို့၏ ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ရပ်တည်နေထိုင်ရေးနှင့် ကလေးများ၏ ပညာရေးမှာ အခက်အခဲ ကြံုတွေ့နေရသောကြောင့် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်သည်။

၎င်းအပြင် သူက “ကျနော်တို့ တောင်းဆိုချက်တွေကို မလိုက်လျောနိုင်ဘူးဆိုရင် ကျနော်တို့ကို တတိယနိုင်ငံတခုခုကို ပြောင်းရွေ့အခြေချနေထိုင်ရေးအတွက် လုပ်ဆောင်ပေးပါလို့ တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်တွေကို သူတို့က အခုအချိန်တိ ဘာတခုမှ အဖြေမပေးသေးဘူး။ ကျနော်တို့ကလည်း သူတို့အဖြေမပေးသမျှ၊ ကျနော်တို့ တောင်းဆိုတာတွေကိုမရရင် အသေခံ ဆန္ဒပြသွားမယ်။”ဟု ဆက်ပြောသည်။

ယခုအချိန်ထိ ဆန္ဒပြသူမိသားစုမှာ UNHCR ရုံးတွင် ဆက်လက်ဆန္ဒပြလျှက်ရှိနေပြီး UNHCR တာဝန်ရှိသူများက သူတို့၏တောင်းဆိုချက်များကို မလိုက်လျောသည့်အပြင် ရဲသားများနှင့် စစ်သားများကို ခေါ်ယူပြီး ခြိမ်းခြောက်နေသည်ဟု သိရသည်။
 

Most read this week