စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို ရွေးချယ်တော့မည်ဟု ကျောင်းသားသပိတ် ခေါင်းဆောင်အချို့ဆို

စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို ရွေးချယ်တော့မည်ဟု ကျောင်းသားသပိတ် ခေါင်းဆောင်အချို့ဆို
by -
မဇ္ဈိမ

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်တို့နှင့် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကိုသာ ရွေးချယ်တော့မည်ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီအဖွဲ့ ဝင် ကျောင်းသားများက မတ်လ ၁၁ရက်က ပြောကြားသည်။

လက်ပံတန်းတွင် အကြမ်းဖက်ခံရသော ကျောင်းသားများ ပြန်လည်လွှတ်မြောက်ရေးအတွက်နှင့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းအတွက် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များကို  ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် မတ်လ ၁၁ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

12

ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီအဖွဲ့ဝင် ကိုဇေယျာလွင်က "အစိုးရကို ယုံကြည်လို့၊ လွှတ်တော်ကို ယုံကြည်လို့ ဆိုတာထက်၊ ဒီနည်းလမ်းနဲ့ သွားမှရမယ်ဆိုတာကို ယုံကြည်လို့ပဲ ဖြစ်ပါတယ်" ဟု ဆိုသည်။

ကျောင်းသား သပိတ်စစ်ကြောင်းများကြောင့် ဆယ်တန်းပညာရေးနှင့် အခြားသော ဆူပူမှုများဖြစ်မလာစေရန် ထိုသို့ရွေးချယ်ရခြင်းဖြစ်သည် ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီဝင် ကိုချစ်ဝင်းမောင်က "ဖမ်းဆီးခံရတဲ့ အထဲမှာ ဆယ်တန်းဖြေမယ့် ကျောင်းသားတွေ ပါတယ်၊ အစိုးရအနေနဲ့ ကျောင်းထဲက ဆယ်တန်းကျောင်းသားတွေ ကို အေးအေးဆေးဆေး ဆယ်တန်းဖြေစေချင်တဲ့ စေတနာရှိသလို သပိတ်စစ်ကြောင်းက ကျောင်းသားတွေ ကိုလည်း ဖြေခွင့်ရအောင် ပြန်လွှတ်ပေးပါဖို့ ကျွန်တော်တို့ ဆွေးနွေးမှာပါ" ဟု  ဆိုသည်။

ထို့ပြင် မတ် ၁၀ရက်က လှည်းတန်းသို့ ပင်မသပိတ်စစ်ကြောင်း ရောက်ရှိခဲ့သည်ဆိုသော သတင်းမှာလည်း မှားယွင်းမှုသာဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။ ပင်မ  သပိတ်စစ်ကြောင်းမှာ ပိတ်မိနေခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

ကျောင်းသား သပိတ်များ ရန်ကုန်သို့ ဆက်လက် ချီတက်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ "ကျွန်တော်တို့ သပိတ်က ဖြိုခွဲခံလိုက်ရပြီဖြစ်တဲ့အတွက် ရပ်နားလိုက်ရပါပြီ"ဟု ကိုဇေယျာလွင်က ပြောသည်။

ပညာရေး ဥပဒေကြမ်းပြင်ဆင်ရေးအတွက်  ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကော်မတီကို အဖွဲ့ဝင် ဆယ့်ငါးဦးဖြင့် ဖွဲ့စည်းထားပြီး လက်ပံတန်း သပိတ်စစ်ကြောင်းသည် ယင်းကော်မတီ၏ ဦးဆောင်မှုအောက်မှ လှုပ်ရှားသော ဗကသ အဖွဲ့၏ စစ်ကြောင်းဖြစ်သည်။

ယင်းအဖွဲ့ဝင် ဆယ့်ငါးဦး ပါဝင်သော ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီ၏ ပန်းတိုင်မှာ အမျိုးသား ပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေးသာ ဖြစ်သော်လည်း သပိတ်စစ်ကြောင်းများမှာ ကွဲလွဲမှုရှိခဲ့သည်ဟုဆို သည်။