အလုပ်သမား သပိတ်တွင် ဖမ်းဆီးသွားသော အလုပ်သမားများကို ပြန်လွှတ်ပေးရန်၊ ရွှေပြည်သာ အလုပ်သမား သပိတ်မှ တောင်းဆိုချက်များကို ဖြေရှင်းပေးရန်၊ အလုပ်သမား သပိတ်ကို အရပ်ဝတ် အင်အားများသုံး၍ အကြမ်းဖက်နှိမ်နှင်းမှုကို ထိရောက်စွာ ဖြေရှင်းပေးရန် စသည့် အလုပ်သမားများ၏ တောင်း ဆိုထားချက်များကို အစိုးရက မလိုက်လျောပါက ကျောင်းသား၊ လယ်သမား၊ အခြား အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကြမ်းဖက်မှုကို ထိရောက်စွာ တုံ့ပြန်သွားမည်ဟု ရွှေပြည်သာ စုပေါင်းသပိတ်အလုပ်သမားများက မတ်လ ၈ရက်တွင် ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို လုပ်ခလစာအတွက် တောင်းဆိုနေသည့် Costec စက်ရုံမှ မအေးအေးဖြိုးက မတ် ၈ရက် ညနေ လေးနာရီခန့်တွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် လာရောက် ဖတ်ကြားကြေညာ ခဲ့ခြင်း ဖြစ်သည်။
Costec စက်ရုံမှ မအေးအေးဖြိုးက '' ကျွန်မတို့ အလုပ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စကို ဖြေရှင်း မပေးဘူးဆိုရင်၊ တရားဥပဒေအရ အရေးယူမပေးဘူးဆိုရင် ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှာပါ''ဟု ပြောသည်။
အခြားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုဇေယျာလွင်က ''မည်သည့်သပိတ်တွေ ဖြစ်နေပါစေ၊ သပိတ်အပေါ် အကြမ်းဖက်ဖြိုခွင်းတာ မလိုလားဘူး။ ပူးပေါင်းမယ်ဆိုတဲ့ စကားလုံးပေါ်မှာ အများကြီး စဉ်းစားရမယ်'' ဟု ပြောသည်။
မတ် ၄ရက်တွင် အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံ၌ ရွှေပြည်သာမှ အလုပ်သမားသပိတ် ပါဝင်သူများကို အရပ်ဝတ်များဖြင့် အကြမ်းဖက်နှိမ်နှင်းပြီး ၁၄ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါ ၁၄ဦးအနက်မှ ကိုစိုင်း (ခ) ကျော်ဇော်လင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်းဖြစ်ကာ ကျန် ၁၂ဦးအား ပုဒ်မ (၁၄၇) ရုန်းရင်းဆန်ခတ်မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။ ၁၅နှစ်အောက် လုပ်သားကိုမူ လူငယ်သင်တန်းကျောင်းတွင် ပို့ဆောင်ထားသည်။
ရွှေပြည်သာ စုပေါင်းသပိတ်အလုပ်သမားများ၏ ကြေညာချက်တွင် အလုပ်သမားများကို ပုဒ်မ- ၁၄၇/ ၅ဝ၅(ခ) စသည်ဖြင့် ထပ်ပြီး တရားစွဲဆိုရန် ဆောင်ရွက်နေခြင်းကိုမူ မိမိတို့ နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် ကိုနိုင်ထွဋ်လွင်၏ မိခင်က ''တွေ့ဖို့ကြိုးစားတယ်။ စခန်းမှှူးတွေကို လိုက်မေးတယ်။ ပြည်တော်သာ စခန်းမေးတယ် မသိဘူး။ ရွှေပြည်သာစခန်းမှာ လူပျောက်အမှုဖွင့်မယ် ဆိုတော့မှ ရှိတယ်လို့ ပြောတယ်။ ဘယ်နေရာရှိလဲမေးတော့ မပြောဘူး'' ဟုပြောသည်။
ရွှေပြည်သာ မြို့နယ်အတွင်းရှိ လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် ဆန္ဒပြနေသည့် စက်ရုံသုံးရုံးတွင် အီလန်မြန်မာ အထည်ချုပ် စက်ရုံတစ်ခုသာ ညှိနှိုင်းမှု ရရှိထားပြီး Ford Glory အထည်ချုပ်နှင့် Costec အထည်ချုပ်စက်ရုံများသည် ပြေလည်မှုမရရှိသေးပေ။