တပ်မတော်တွင် ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အစိုးရအတွက် ဝါဒဖြန့် ပေါ်လစီရုပ်ရှင်ကားများ၊ သီချင်းများ ရေးသားခဲ့သူ တေးရေးနှင့် စာရေးဆရာ မြသန်းစံက အွန်လိုင်းစာမျက်နှာများတွင် အမည်များစွာဖြင့် အမုန်းစကား ရေးသားနေသူများသည် တာဝန်အရ လုပ်ဆောင်သူများဟု ရည်ညွှန်းလိုက်ပြီး ရပ်တန်းက ရပ်ကြရန် သတိပေးလိုက်သည်။
"တာဝန်အရ Online တွေပေါ်မှာ Account မျိုးစုံတပ်ပြီး ရေးနေကြသူတွေအနေနဲ့ Hate Speeches တွေ တတ်နိုင်သမျှ ရပ်တန်းကရပ်ကြပါတော့လို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ အပြန်အလှန်ဆဲဆိုနေကြတဲ့ သံသရာမဆုံးနိုင်သရွေ့ နောက်ဆုံးနစ်နာတော့ ကိုယ်တွေချည်းပါ ပဲ ဆိုတာကို အမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့လိုနေပါပြီ" ဟု မြသန်းစံက သူ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားတွင် မကြာခဏ ထုတ်လွှင့် ပြသလေ့ရှိသည့် ငြိမ်းချမ်းရေးပန်းခင်း သို့မဟုတ် ချစ်ခြင်းတရားနဲ့ပြည်ထောင်စု သီချင်းကို ရေးစပ်သီကုံးခဲ့သူ မြသန်းစံက ထိုသီချင်းကို ရေးစပ်ရန် တာဝန်ပေးအပ်ခံခဲ့ရပုံကိုလည်း "တာဝန်ပေးချက်အရ" ဟု သုံးနှုန်းထားပြီး သီချင်း ရေးစပ်ဖြစ်ခဲ့ပုံကို ရေးသား ထားသည်။
၈၈ အရေးအခင်းကို ဇာတ်အိမ်တည်လျက် ကျောင်းသားများ တော်လှန်ရေးလုပ်ပုံကို ပုံဖျက်ရိုက်ကူးထားသည့် ပါပီမ ပေါ်လစီရုပ်ရှင်ဇာတ်ကားတွင် ရိုက်ကွင်းတာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ မြသန်းစံက ၈၈ အရေးအခင်းနှင့် ပတ်သက်၍ သူ၏ အမြင်ကို ရေးသားရာတွင် "၁၉၈၈မှာ သမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာမောင်မောင်ဟာ ပညာရှိပီပီ မီးငြိမ်းနိုင်ဖို့ အစီအစဉ်တစ်ခုဖြစ်တဲ့ "ကျွန်တော်တို့ကျောင်းသားသမဂ္ဂကို ပျော်ပျော်ပါးပါး အုတ်မြစ်ချပါစို့" လို့ကြေညာခဲ့ပေမယ့် စိတ်ကြွဆေးကျွေး၊ ထောင်တံခါးဖွင့်၊ အရပ်ထဲဝင်မွှေ၊ ဂိုဒေါင်ဖောက်၊ အရေးအခင်းကို ပုံဖျက်၊ တိုင်းပြည်ပျက်တဲ့ ကိန်းဆိုက်လေဟန် ဖန်တီးပြီး အခြေအနေဆိုးတွေ ပေါ်ပေါက်လာတာကြောင့် စစ်တပ်ကအာဏာသိမ်းလိုက်လို့ ဒေါက်တာမောင်မောင်ရဲ့ ကြေငြာချက်လည်း အသက်မဝင်တော့ဘဲ ပျက်ပြယ်ခဲ့ရပြန်ပါတယ်" ဟု ရေးသားထားသည်။
မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍မူ "ကျန်းမာရေးဆိုလည်း နည်းပညာမြင့်ပြီး
စိတ်ချရတဲ့ (စေတနာလည်းပါတဲ့) အိမ်နီးချင်းနိုင်ငံကိုပြေးကြရ၊ ပညာရေးဆိုလည်း အိမ်နီးချင်းနိုင်ငံ ကို ပြေးကြရပြန်၊ သွင်းကုန်ဆိုလည်း သူတစ်ပါးကိုအားကိုးရ၊ ထုတ်ကုန်ကျပြန်တော့လည်း မတန်တဆ ဈေး အနှိမ်ခံရပြီး ကုန်ကြမ်းသက်သက် ရောင်းစားနေရတဲ့ နိုင်ငံဖြစ်မှန်း မသိဖြစ်နေရနဲ့ ပြောရတာကိုယ့်ပေါင် ကိုယ်လှန်ထောင်းရသလို ရှက်လည်းရှက်ပါတယ် မရှက်လည်းမရှက်နိုင်တော့ပါဘူး" ဟု ရေးသားဖေါ်ပြသည်။
တိုင်းပြည်တိုးတက်ရန် အကြံပြုချက် ငါးချက်ကို ရေးသားဖေါ်ပြထားပြီး "တာဝန်ရှိသူတွေကလည်း ကိုယ့်ပြည်သူပြည်သားတွေအပေါ်မှာ ကျားကစားသလို လှည့်ကွက်တွေနဲ့ ဉာဏ်မများဖို့လိုပါ တယ်" ရေးသားဖေါ်ပြထားသည်။