ပင်မကျောင်းသားသပိတ်စစ်ကြောင်းသည် ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် ထိုင်သပိတ် လုပ်နေသည်ကို ထောက်ခံသည့်အနေဖြင့် ရန်ကုန်အခြေစိုက် ဗ.က.ကအဖွဲ့ဝင် ကျောင်းသားအင်အား ၅၀ကျော်က မတ်လ ၄ရက် ညနေ ၄နာရီခွဲက ရန်ကုန်မြို့၊ သိမ်ကြီးစျေးတံတား (ဗန္ဓုလလမ်း)မှ မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုသို့ ဆန္ဒထုတ်ဖော်စဉ် ကြွေးကြော်သံများ၊ ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော် ချီတက်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော် ချီတက်လာသူများက မြို့တော်ခန်းရှေ့ဗန္ဓုလပန်းခြံရှေ့အရောက်တွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ရန်ကုန်တက္ကသိုလ် လူမှုရေးသိပ္ပံဘာသာရပ် ဒုတိယနှစ်ကျောင်းသား ကိုမိုးအောင်က “ကျွန်တော်တို့ ကျောင်းသားတွေကို ပိတ်ဆို့နေမယ် အကြမ်းဖက်နေမယ်ဆိုရင် အားလုံး ဟောဟိုမှာမြင်နေရတဲ့ မြို့တော်ခန်းမထိပ်က အလံနေရာမှာ ကျွန်တော်တို့ သမဂ္ဂခွပ်ဒေါင်းအလံရှိစေချင်ရင် အကြမ်းဖက်လိုက်ပါလို့ပဲပြောချင်ပါတယ်”ဟု ဆန္ဒပြပွဲတွင် ကြွေးကြော်လိုက်သည်။
ကျောင်းသားများက ၎င်းတို့၏ မွေးရာပါအခွင့်အရေးများကို မပိတ်ပင်ရန်၊ ကျောင်းသားများအနေဖြင့် အာဏာနှင့် စည်းစိမ်လိုချင်၍ တောင်းဆိုနေခြင်းမဟုတ်ဘဲ ပညာရေးနှင့် ပတ်သက်သည့် အရေးကြီးဆုံး အချက်များကိုသာ ရိုးသားစွာ တောင်းဆိုနေခြင်းဖြစ်၍ မိမိတို့ကို ဒီမိုကရေစီနှင့်အညီ လွတ်လပ်စွာဖြင့် သပိတ်မှောက်ကျောင်းသားများကို ခွင့်ပြုပေးရန် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။
အဆိုပါ သပိတ်ထောက်ခံကြောင်းစစ်ကြောင်းကို ပြည်သူအင်အား ၂၀၀ကျော်ခန့်က ဝန်းရံအားပေးခဲ့ကြပြီး ကျောင်းသားများက "ကျောင်းသားသပိတ် အောင်ရမည်၊ အကြမ်းဖက်မှု အလိုမရှိ" ဟူသော ကြွေးကြော်သံများ ဟစ်ကြွေးကာ "ကျောင်းသားများကို ဝန်းရံပါ "ဟူသော ပိုစတာများကိုင်ဆောင်၍ စီတန်းလှည့် လည်ခဲ့ကြသည်။
ကျောင်းသားစစ်ကြောင်း ကြွေးကြော်သံများ ပြုလုပ်နေသည့် ဗန္ဓုလပန်းခြံရှေ့တွင် ရဲကားငါးစီးဖြင့် ရဲအင်အား ၁၀၀ ကျော်က လုံခြံုရေးယူထားသည်ကို တွေ့ရှိရပြီး မြို့တော်ခန်းမဝင်းအတွင်းတွင်လည်း ကျောင်းသားစစ်ကြောင်းရှိရာသို့ အသင့်အနေ အထားဖြင့် ကြည့်ရှုနေသော လူအင်အား ငါးဆယ်ခန့်ကိုလည်း တွေ့ရသည်။
သပိတ်ထောက်ခံကြောင်းစစ်ကြောင်းမှ ကျောင်းသားများသည် ထိုနေ့ ညနေ ၆နာရီတွင် ကျောက်တော်ကြီး ဘုရားရင်ပြင်တွင် လည်း ကျောင်းသားသပိတ် အောင်နိုင်ရေး ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။
၎င်းဆုတောင်းပွဲကို ကျောက်တော်ကြီးဘုရားကို သုံးပတ်ပတ်၍ ဘုရားရင်ပြင်ရှိ ကျောက်သပိတ်ရှေ့တွင် မေတ္တာသုတ် ရွတ်ဆိုကာ ကျောင်းသားသပိတ်အောင်နို်င်ရေး၊ ကျောင်းသားသပိတ်နှင့် လက်ပံတန်း အရေးအခင်းတွင် ပါဝင်သော ကျောင်းသားများ၊ပြည်သူများနှင့် သံဃာများ ဘေးကင်းကြစေရန်ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။