ပြည်မြို့တွင် အမျိုးသမီးလေးဦး မီးလောင်သေဆုံး

ပြည်မြို့တွင် အမျိုးသမီးလေးဦး မီးလောင်သေဆုံး
by -
မဇ္စျိမ

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မတ်လ ၃ရက်နေ့ နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ထားသော နေအိမ် တစ်လုံး မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီးလေးဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၃ရက်နေ့ နံနက် ၂နာရီခွဲအချိန်တွင် ပြည်မြို့ ရွှေတစ်ချောင်းလမ်းနှင့် ၀ါရုံလမ်းထောင့်ရှိ ပန်းစကား လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသော နှစ်ထပ်ပတ်ကား နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့သည်။ ထိုမှတစ်ဆင့် SOFTGUIDE ကွန်ပျူတာသင်တန်း ဖွင့်လှစ်ထားသော လေးထပ်တိုက်တစ်လုံးအား ထပ်မံကူးစက်လောင် ကျွမ်းခဲ့သည်။

မီးလောင်သည့်အချိန်တွင် ပန်းစကားလက်ဖက်ရည်ဆိုင် နေအိမ်အပေါ်ထပ်ရှိ ဒေါ်နွယ်နွယ်ဝင်း (၃၅)နှစ်၊ မစန္ဒီ (၂၁)နှစ်၊ မရွှေစင်ထက်မြက် (၁၁)နှစ်နှင့် မရတီ (၇)နှစ် တို့မှာ ပိတ်မိသေဆုံးခဲ့ရသည်။ ဒေါ်ဆွေဆွေဝင်း (၄၈)နှစ်မှာ နေအိမ်အပေါ်ထပ်မှ ခုန်ချထွက်ခွာနိုင်ခဲ့သဖြင့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်။

“သေတဲ့လေးဦးက သားအမိတွေလို့လောလောဆယ်သိထားရတယ်” ဟုခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးဝင်းညွန့်က ပြောသည်။ သို့သော် အသက်အရွယ်ကွာခြားချက်အရ အတည်ပြုရန် ခဲယဉ်းနေသည်ဟု ဆိုသည်။ မီးလောင်သည့်နေရာသို့ မီးသတ်ကား(၁၈)စီး မီးသတ်တပ်ဖွဲ့ဝင် (၁၇၈)ဦး၊ ပြည်သူလူထု(၂၅၀)ကျော်က ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃နာရီ ၁၅မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။