လုံခြံုရေးတင်းကြပ်စွာချထားသည့် လက်ပံတန်းမြို့မှ မတ်လ ၃ရက် နံနက် ကိုးနာရီက စတင်ထွက်ခွာပြီး နှစ်ရက် အတွင်း ရန်ကုန်သို့အရောက် သပိတ်စစ်ကြောင်းချီတက်မည်ဟု အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက် ဆန္ဒပြသည့် ကျောင်းသားခေါင်းဆောင်များက မတ်လ ၂ရက် ညနေပိုင်းတွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်ပြီး ပြောဆိုလိုက်သည်။
မတ်လ ၂ရက် နံနက်ကတည်းက ရန်ကုန်သို့ သပိတ်စစ်ကြောင်းချီတက်ရန် ပြင်ဆင်နေစဉ် ကျောင်းသား များတည်းခိုရာ လက်ပံတန်းမြို့ရှိ အောင်မြေဗိမာန်ကျောင်းတိုက်သို့ ရဲတပ်ဖွဲ့က လုံခြံုရေးကား ၆စီး၊ ရေကား ၂စီးနှင့် ရဲအင်အား လေးရာခန့်လာရောက် တားဆီးသည့်အတွက် အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မတ်လ ၃ရက်တွင် ချီတက်မည့် သပိတ်စစ်ကြောင်းသည် ကျောင်းသားသမဂ္ဂအလံထောင်ကာ သီချင်းဖွင့်ပြီး သာယာဝတီမြို့သို့ လမ်းလျှောက်ချီတက်ရန်စီစဉ်ထားသည်။ မတ်လ ၄ရက်တွင် သာယာဝတီမြို့မှတစ်ဆင့် ရန်ကုန်သို့ ကားဖြင့် ဆက်လက်ချီတက်မည်ဟု ကျောင်းသားခေါင်းဆောင်များက ပြောသည်။
“ရန်ကုန်ကို ရောက်သွားပြီဆိုတဲ့အခါကျရင် နေရာနှစ်ခုတည်းက တစ်ခုကိုအရောက်ပို့ပေးဖို့ တောင်း ဆိုထားတယ်။ ပထမနေရာက ရွှေတိဂုံရင်ပြင်ပေါ်မှာရှိတဲ့ ပထမကျောင်းသားသပိတ်တုန်းက အထိမ်းအမှတ် အဖြစ် စိုက်ထူထားတဲ့ ကျောက်တိုင်ကို အရောက်သွားမယ်။ အဲ့ဒီနေရာမှာ ခွင့်မပေးရင် ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ သမဂ္ဂရင်ပြင်ထဲမှာရှိတဲ့ ဗိုလ်အောင်ကျော်ကျောက်တိုင်ကိုသွားမယ်။ အဲ့ဒီနေရာထဲက တစ်နေရာရာကို ပေးဖို့ပြောထားတယ်။ အဲ့ဒီနေရာရပြီးရင် အခမ်းအနားကို အဓိဌာန်ပြုပြီး ခဏတာကျင်းပမယ်။ ကျင်းပပြီးရင် လူစုခွဲမယ်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသကိုပြန်ပြီးတော့ စာမေးပွဲဖြေစရာရှိတဲ့သူတွေအားလုံးက စာမေးပွဲဖြေကြမယ်” ဟု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ပြောသည်။
သို့သော် ကျောင်းသားသပိတ်ရှိရာ လက်ပံတန်းမြို့နေရာအတော်များများတွင် လုံခြံုရေးရဲတပ်ဖွဲ့များကို အသင့်အနေအထားဖြင့် တင်းကြပ်စွာ ချထားသည်ကို ဖေဖော်ဝါရီ ၂ရက် ညနေပိုင်းတွင် တွေ့ရသည်။
သပိတ်စစ်ကြောင်း ဆက်လက်ထွက်ခွာမည့် ကျောင်းသားများစီစဉ်ထားမှုအပေါ် ခွင့်ပြု၊ မပြု ပဲခူးတိုင်း နယ်လုံဝန်ကြီးထံ မဇ္ဈိမက ရရှိထားသည့် လက်ကိုင်ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။
သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုရှိန်းရာဇာထွန်းက “အစိုးရရဲ့လိုလားချက်ကတော့ ရှင်းတယ်။ သူတို့က ကျွန်တော်တို့ကို ဒီနေရာကနေ ဘယ်လိုမှ ဆက်မထွက်စေချင်တော့ဘူး။ ဒါပေမယ့် မနက်ဖြန်တော့ ထွက်စရာရှိတာ ဆက်ထွက်ရမှာပဲ” ဟု ဆိုသည်။
ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်မြို့သို့ ချီတက်လာပါက အရေးယူမည်ဟုလည်း ပြည်ထဲရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၂၈ရက်တွင် သတင်းထုတ်ပြန်ထားသည်။