စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ် မလယ်ကျေးရွာရှိ တတိယတန်း အတန်းတင်စာမေးပွဲ ဖြေဆိုရမည့် အခြေခံမူလတန်း ကျောင်းအတွင်း လူတစ်စု ဝင်ရောက်ဖျက်ဆီးမှုကြောင်း ကျောင်းပြောင်းရွှေ့ဖြေဆိုခဲ့ရသည်ဟု အဆိုပါ ကျောင်းအကျိုးတော်ဆောင် ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။
မလယ်ကျေးရွာ၊ ခမရ-၁၆ တပ်တွင်း၊ အခြေခံပညာမူလတန်းကျောင်း၌ မတ်လ ၃ရက်တွင် စတင်ဖြေဆိုမည့် တတိယတန်း အတန်းတင်စာမေးပွဲ မဖြေဆိုမီ မတ်လ ၁ရက် ည ရနာရီတွင် ဝင်ရောက်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။
"ညမှာ လူခြောက်ဦးအဖွဲ့က ကျောင်းဝင်းထဲ ဝင်လာပြီး ကျောင်းဆောင်အမိုးတွေ ဖျက်တယ်။ သောက်ရေ အိုးတွေ ခွဲသွားတဲ့အပြင် တံခါးတွေကိုလည်း ရိုက်ချိုးဖျက်ဆီးသွားတာပါ။ ကလေးတွေ စာမေးပွဲဖြေတော့မှာ ဆိုတော့ တခြားနေရာပြောင်းပြီး ဖြေရတော့မယ်"ဟု ၎င်းက ပြောသည်။
ထိုသို့ ဝင်ရောက်ဖျက်ဆီးခဲ့သည့်အတွက် ဖြေဆိုရမည့် တတိယတန်းကျောင်းသား ၃၀ အတွက် တပ်မ (၃၃)အတွင်းရှိ ကျောင်းသို့ ပြောင်းရွှေ့ဖြေဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ရသည်ဟု ဦးတင်ဝင်းက ဆိုသည်။
ထိုသို့ ဝင်ရောက်ဖျက်ဆီးမှုနှင့် ပတ်သက်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တရားလိုပြုလုပ်ကာ မလယ်နယ်မြေ ရဲစခန်းသို့ အရေးယူဆောင်ရွက်နိုင်ရေး အမှုဖွင့်ရန် စီစဉ်နေပြီဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
မူလတန်းကျောင်းအတွင်း ဝင်ရောက်ဖျက်ဆီးသူ ခြောက်ဦး၏ သားသမီးများပင် အဆိုပါကျောင်းတွင် ပညာသင်ကြားနေသည်ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။
ဒေသခံအချို့၏ ပြောကြားချက်အရ အဆိုပါ ကျောင်းရှိရာ မြေပိုင်ဆိုင်မှုအား အငြင်းပွားလျှက်ရှိသည်ဟုလည်း ဆိုသည်။ ကျောင်းတွင်း ဝင်ရောက်ဖျက်ဆီးသူများမှာ အဆိုပါ ကျောင်းပတ်ဝန်းကျင်တွင် နေထိုင်သူ များ ဖြစ်သည်ဟု ဒေသခံတချို့ထံမှ သိရသည်။
အဆိုပါ ကျောင်းတွင်း ဝင်ရောက်ဖျက်ဆီးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မလယ် ရဲစခန်းသို့ တိုင်ကြားမှုမရှိသေး ဟုလည်း တာဝန်မှူး ရဲအရာရှိက မဇ္ဈိမကို ပြောသည်။