ငြိမ်းချမ်းရေး ဖြစ်စဉ်နှောင့်နှေးနေပြီး လူ့အခွင့်ရေး ချိုးဖောက်မှုများ ပြည်တွင်းတွင် ဆက်လက် ဖြစ်ပွားနေဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ထုတ်ပြန်

ငြိမ်းချမ်းရေး ဖြစ်စဉ်နှောင့်နှေးနေပြီး လူ့အခွင့်ရေး ချိုးဖောက်မှုများ ပြည်တွင်းတွင် ဆက်လက် ဖြစ်ပွားနေဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ထုတ်ပြန်
by -
မဇ္စျိမ

ငြိမ်းချမ်းရေးဖြစ်စဉ်များ နှောင့်နှေးမှု အပါအဝင် မြန်မာပြည်တွင်း လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပွားနေသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖေဖော်ဝါရီ ၂၅ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

လေးနှစ်ကြာ ငြိမ်းချမ်းရေးဆွေးနွေးမှုမှ အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခြင်းကြောင့် ဒုက္ခသည် ကိုးသောင်းရှစ်ထောင် နေရပ်မပြန်နိုင်ခြင်းကိုလည်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင်လည်း လူ့အခွင့်ရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပဋိပက္ခဖြစ်ပွားပြီး သုံးနှစ်ကျော်ကြာ ဒုက္ခသည် တစ်သိန်းသုံးသောင်းကျော် နေ ရပ်ပြန်လာနိုင်ခြင်း မရှိသေးခြင်းနှင့် ပတ်သက်၍ လူ့အခွင့်ရေးကဏ္ဍ တိုးတက်မှုမရှိခြင်းကို ထောက်ပြ ထားသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် သတင်းမီဒီယာလွတ်လပ်ခွင့်များ၊ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်များ ဆုံးရှံုးနေမှုများကိုလည်း ထုတ်ပြန်ချက်တွင် မေးခွန်းထုတ်ထားသည်။

မြေယာသိမ်းဆည်းခံရမှုတွင် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဖြေရှင်းမှုများထိရောက်မှု အားနည်းခြင်း၊ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်သော တောင်သူများကို အကြမ်းဖက်နှိမ်နှင်းခြင်းများကို ထည့်သွင်းရေးသားထားသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်  Amnesty International အစီရင်ခံစာသည် ဖေဖော်ဝါရီ ၂၅ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်ရေးမြှင့်တင်မှုများ နှောင့်နှေးနေခြင်း ကို ထောက်ပြထားခြင်း ဖြစ်သည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် နိုင်ငံပေါင်း ၁၆၀ကျော်တွင် လူပေါင်း ခုနစ်သန်းကျော် ပါ၀င်လှုပ်ရှားနေသည့် အဖွဲ့အစည်း ဖြစ်သည်။ ယင်းအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ဖော်ထုတ်တားဆီးမှုများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။