တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် ခံယူချက် လွဲမှားမှုများကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မလျော့ပါးနိုင်ဟု ဆို

တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် ခံယူချက် လွဲမှားမှုများကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မလျော့ပါးနိုင်ဟု ဆို
by -
မဇ္စျိမ

တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် ခံယူချက်လွဲမှားမှုများ ရှိနေခြင်းကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မလျှော့ပါးခြင်းဖြစ်သည်ဟု ကျား/မ တန်းတူညီမျှရေးကွန်ရက်မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူ က ပြောသည်။

၎င်းက ''အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ကျွန်မတို့က ဘယ်လောက်ပဲ တားဆီးကာကွယ်ဖို့ ကြိုးစား ကြိုးစားတစ်ဖက်မှာ ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့ မလုပ်နိုင်တာဟာ တရားဥပဒေစိုးမိုးမှု အားနည်းတာအပြင် လူတွေရဲ့ ခံယူချက်တွေကြောင့်လည်း ပါပါတယ်'' ဟု ပြောသည်။ ''အမျိုးသမီး တစ်ဦး အကြမ်းဖက်ခံရရင်တောင် အမှုပတ်မှာစိုးလို့ ဝင်မပါတဲ့။ ပံ့ပိုးမှုကူညီမှုမပေးတဲ့ လူ့အသိုင်းအဝိုင်းထဲ မှာ နေ နေရတယ်။ ရပ်ကွက်ရုံးတိုင်လည်း ထိရောက်မှု သိပ်မရှိ၊ တရားရုံး ထိတိုင်နိုင်ရင်တောင် တရားစီရင်ရေးစနစ်က အားနည်းမှုတွေရှိတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးကို နားလည်ပံ့ပိုးမှုပေးရမယ့် အစား တစ်ဖက်ကနေ ပြန်အပြစ်တင်တဲ့ အတွေးအမြင်တွေကို မပြောင်းလဲနိုင်သေးရင်တော့ အကြမ်းဖက်မှုတွေက လျော့ပါးဖို့ မလွယ်သေးပါဘူး'' ဟု ၎င်းက ဆိုသည်။

Woman-1

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်းနှင့် ပတ်သက်သော 'တိတ်ဆိတ်ခြင်း ၏ နောက်ကွယ်' အမည်ရှိ အစီရင်ခံစာ စာနယ်ဇင်းရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၃ရက်က ရန်ကုန်မြို့ရှိ UMFCCIတွင် ကျင်းပခဲ့ပြီး ယင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

သုတေသီတစ်ဦးဖြစ်သော ဒေါက်တာစန်းရွှေက ''ကျွန်မတို့ သုတေသနလုပ်တဲ့ စစ်တမ်းမှာပါတဲ့ အမျိုသမီးတွေက ရုပ်ပိုင်းဆိုင်ရာသာမက လိင်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်ခံနေ ရကြောင်း တွေ့ရပါတယ်။ ထုံးတမ်းစဉ်လာဆိုတာ တော်တော်လွှမ်းမိုးခံရပြီး မိသားစုအရေး ဆိုပြီး ကိုယ်အကြမ်းဖက်ခံနေရတာကို ထုတ်မပြောရဲကြဘဲ တိတ်တိတ်နေကြရတာတွေ တွေ့ရတယ်။ အမျိုးသမီးတွေ အကြမ်းဖက်ခံရတယ်ဆိုရင် ရိုက်နှက်ခံရတာလောက်ပဲ သိကြတယ်။ တကယ်တော့ စီးပွားရေး (ဝင်ငွေ) အရ၊ လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခံနေရတာ အများကြီးရှိနေပါတယ်''ဟု ပြောသည်။

ကျား/မ တန်းတူညီမျှရေးဆိုင်ရာ သုတေသီ ဒေါ်အေးသီရိကျော်က ''အမျိုးသမီးတွေကို အကြမ်းဖက်မှုလျော့ကျ သွားဖို့က အမျိုးသားတွေလည်း ပါဝင်ဖို့၊ သူတို့ကို ပညာပေးဖို့ တကယ်လိုအပ်ပါတယ်။ မွေးကတည်းက သားနဲ့သမီးကို အခွင့်အရေး ပေးတာကအစပေါ့ မတူကြဘူး။ ဒီလိုမတူညီတာက power unbalance (စွမ်းရည် မညီမျှမှု) ဖြစ်စေတယ်။ ဒီလိုနဲ့ အမျိုးသားတွေစိတ်ထဲမှာ အမျိုးသမီးတွေကို ကန့်သတ်ချင်လာတယ်။ အမျိုးသမီးတွေက တစ်ခုခုကိုကျော်လွန်ပြီး လုပ်လိုက်ပြီဆိုရင် ဒါစိန်ခေါ်တာပဲလို့မြင်လာတယ်။ ဒါကြောင့် မိဘတွေ ဆုံးမကတည်းက ယောက်ကျားလေး၊ မိန်းကလေးတန်းတူပဲဆိုတာမျိုးနဲ့ အမျိုးသမီးတွေကို ရိုက်နှက်တာမျိုးက ကျင့်ဝတ်သိက္ခာနဲမညီတာကို ထည့်သွင်းဆုံးမသင့်တယ်''ဟု ပြောသည်။

အဆိုပါ 'တိတ်ဆိတ်ခြင်း၏နောက်ကွယ်' အမည်ရှိအမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် အမျိုးသမီးများ၏ ခံနိုင်ရည်စွမ်း လေ့လာဆန်းစစ်မှု သုတေသနအစီရင်ခံစာကို လူမှုဝန်ထမ်းဦးစီးဌာန၏ လမ်းညွှန််မှုဖြင့် ကျား/မ တန်းတူညီမျှရေးကွန်ရက်မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။