ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၄၈ ရပ်ကွက်၊ ရှင်တစ်ရာလမ်း၊ ဟာဝိဟာရ ကျောင်းတိုက်တွင် ဆင်းရဲနွမ်းပါးသူများအတွက် ကျန်းမာရေးနှင့် ပညာရေး အခမဲ့ စောင့်ရှောက်နိုင်ရန် ဖေဖော်ဝါရီ ၂၃ရက်က စင်တာတစ်ခု ဖွင့်လှစ်ခဲ့သည်။
အဆိုပါ စင်တာကို ဂျပန်နိုင်ငံ၊ အိုကာယားမားမြို့ မြန်မာ-ဂျပန်ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ အကူအညီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မဟာဝိဟာရကျောင်းတိုက် ဆရာတော် ဒေါက်တာ အရှင်မုနိက မိန့်ကြားသည်။
အဆိုပါစင်တာကို တည်ထောင်သူ အမည်ကို အစွဲပြုကာ ''ဟက်တအဓိက'' ကျန်းမာရေးနှင့် ပညာရေးစင်တာအဖြစ် အမည်ပေးထားပြီး ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
နှစ်ထပ်တိုက် အဆောက်အအုံတွင် ဖွင့်လှစ်ထားသော ပထမထပ်တွင် ပညာရေးစင်တာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ အင်္ဂလိပ်စာ ဂရမ်မာသင်တန်း၊ ပန်းချီသင်တန်းနှင့် ကွန်ပျူတာသင်တန်းတို့ကို နွေရာသီမှ စတင်ကာ သူငယ်တန်းမှ ၁ဝ တန်းအထိ သင်ကြားပေးမည် ဖြစ်သည်။ အောက်ထပ်တွင်လည်း ဆေးခန်း ဖွင့်လှစ် ကုသပေးသွားမည် ဖြစ်သည်။
ဆရာတော် ဒေါက်တာအရှင် မုနိကက ''ဒီဆေးခန်းမှာ လာပြတဲ့ လူနာကို သူနဲ့သင့်တော်တဲ့ ဆေးကိုအတတ်နိုင် ဆုံး ပေးနိုင်အောင် ဘုန်းဘုန်းလှူပါမယ်။ ဆေးခန်းရောက်လာတဲ့ လူနာရဲ့ရောဂါကြီးနေလို့ မတတ်နိုင်ဘူးဆိုရင် သူသွားမယ့် ဆေးရုံကို အခမဲ့ပို့ပေးနိုင်အောင် ကြိုးစားမယ်။ ဆေးကုသစရိတ်ကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးသွားမယ်'' ဟု မိန့်ကြားသည်။
ဂျပန်နိုင်ငံ အိုကာယားမားမြို့ မြန်မာ-ဂျပန် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်သူမစ္စတာ ဆာကာရှိဟတ်တ (Mr. Cakeshi Hatta) က မြန်မာနိုင်ငံရှိ ဒေသများတွင် ကျန်းမာရေးနှင့် ပညာရေးအခမဲ့ စောင့်ရှောက်ရေး စင်တာများ ၁၇ခု အထိလှူဒါန်းထားပြီး ဖြစ်သည်။