ပင်မစစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရန်ကုန်ဝင်မည်
အမျိုးသားပညရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်နေသည့် စစ်ကြောင်းများအနက် ထားဝယ်၊ မြေလတ်၊ မော်လမြိုင်၊ မုံရွာ၊ နှင့် ဧရာဝတီ သပိတ်စစ်ကြောင်းများက ပညာရေးဥပဒေနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးမှု ရလဒ်များကို စောင့်ကြည့်ကာ သပိတ်ကို ဖေဖော်ဝါရီ ၁၇ရက်မှ စတင်၍ ခေတ္တရပ်နားထားမည်ဟု သပိတ်ခေါင်းဆောင်များက မဇ္စျိမကို ပြောသည်။
ဧရာဝတီ သပိတ်စစ်ကြောင်းမှ ဆရာဦးဝေယံအောင်ကလည်း "သပိတ်ကိုတော့ ရပ်နားထားပေးမယ်။ အစိုးရရော၊ လွှတ်တော်ရော ကတိကဝတ်များကို စောင့်ကြည့်သွားမှာပါ။ သပိတ် ကျောင်းသူ၊ ကျောင်းသားတွေ ဟာ ကျောင်းတွေ ပြန်မယ်။ သမဂ္ဂတွေ အင်အားကောင်းအောင် ဖွဲ့စည်းမှာပါ။ ကတိကဝတ်ကို ဖောက်ဖျက်ခဲ့ရင် ကျွန်တော်တို့ ဧရာဝတီ သပိတ်စစ်ကြောင်း အနေနဲ့ ဒီ့ထက်ပိုပြင်းထန်တဲ့ သပိတ်မှောက်မှုတွေကို လုပ်ဆောင်သွားမှာပါ"ဟု မဇ္စျိမကို ပြောသည်။
ထားဝယ်ကျောင်းသားသပိတ် ခေါင်းဆောင် ကိုမင်းလွင်ကလည်း အမျိုးသားပညာရေးဥပဒေအား လွှတ်တော်က ပြန်လည်ပြင်ဆင် အတည်ပြုရာတွင် ဒီမိုကရေစီ စံနှုန်းနှင့်မညီခြင်း၊ ကျောင်းသားများအတွက် အာမခံချက်ပေးနိုင်ခြင်းမရှိသည်များကို တွေ့ရှိပါက သပိတ်ကို အရှိန်မြှင့်ကာ ပြန်လည် ပြင်ဆင်သွားမည်ဟု မဇ္စျိမကို ပြောသည်။
သပိတ်စစ်ကြောင်းများ ခေတ္တရပ်နားမည့် ကိစ္စနှင့်ပတ်သက်၍ ထားဝယ်၊ မြေလတ်၊ မော်လမြိုင်၊ မုံရွာ သပိတ်စစ်ကြောင်းများ ပူးပေါင်းကာ ဖေဖော်ဝါရီ ၁၆ရက် နေ့လည်က ပဲခူးမြို့ ရွှေမော်တောဘုရားရှေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အချက်သုံးချက်ပါသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ အလားတူ ဧရာဝတီသပိတ် စစ်ကြောင်းကလည်း ထုတ်ပြန်ချက်တစ်ရပ်ကို အချက်သုံးချက်ဖြင့် ထုတ်ပြန်ခဲ့သည်။ ယင်းအချက်များထဲတွင် သပိတ်စစ်ကြောင်းများသည် လွှတ်တော်၏ ဆွေးနွေး၊ အတည်ပြုမှုများကို သပိတ်မလှန်သေးဘဲ ခေတ္တရပ်နားပြီး စောင့်ကြည့်မည်ဖြစ်ပြီး လွှတ်တော်မှ အတည်ပြုသည့် ရလဒ်သည် ကျောင်းသားထု၏ လိုအပ်ချက်နှင့် ကိုက်ညီမှု မရှိပါက ပြန်လည်တိုက်ပွဲဝင်မည်ဟု ပါရှိသည်။
သို့သော် မန္တလေးမှ ထွက်လာသည့် ကျောင်းသားသပိတ် ပင်မ သပိတ်စစ်ကြောင်းနှင့် ပဲခူးစစ်ကြောင်းတို့သည် ဖေဖော်ဝါရီ ၁၅ရက်တွင် ပူးပေါင်းလိုက်ပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ရက်တွင် ရန်ကုန်သို့ ဝင်မည်ဟု မန္တလေး ပင်မ စစ်ကြောင်း ဒီမိုကရေစီ ပညာရေး ဦးဆောင်ကော်မတီမှ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ဖေဖော်ဝါရီ ၁၆ရက် နေ့လည်ပိုင်းက မဇ္စျိမကို ပြောသည်။
"ကျွန်တော်တို့နဲ့ ဆွေးနွေးပွဲကာလလုပ်နေတဲ့ ဖေဖေါ်ဝါရီ ၁၄ရက်အထိကို ရန်ကုန်ကို မဝင်ဖို့ကို အစိုးရနဲ့ သဘောတူထားတယ်။ အခုလေးပွင့်ဆိုင်တွေ့ဆုံဖို့က ပြီးပြီ၊ ဥပဒေကြမ်းကတော့ထွက်ပြီး လွှတ်တော်က အတည်ပြုဖို့သာ ကျန်တော့တယ်။ ကျွန်တော်တို့ ကျောင်းသားတွေဘက်က ကတိတည်ပါတယ်"ဟု ရန်ကုန်သို့ ဝင်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ၎င်းက ရှင်းပြသည်။
ကျောင်းသားသပိတ် စစ်ကြောင်းများအနေဖြင့် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနေသည့် ကာလအတွင်း ရန်ကုန်သို့ မဝင်ရန်နှင့် ဥပဒေမူကြမ်းအား လွှတ်တော်က ဆွေးနွေးအတည်ပြုပြီး ကျောင်းသားများ ကျေနပ်သည့် ရလဒ်ထွက်မှသာ သပိတ်စစ်ကြောင်းများကို လုံးဝရပ်နားမည်ဟု ကတိပြုထားပြီးဖြစ်သည်ဟု ကိုရဲရင့်ကျော်က ဆိုသည်။
သပိတ်စစ်ကြောင်းများကို ရန်ကုန်သို့ဝင်ရောက်လာခြင်းမရှိစေရန် ဥပဒေအရ ဆောင်ရွက်သွားမည်ဟုလည်း အစိုးရဘက်က ဖေဖော်ဝါရီ ၁၃ရက်ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။