လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကို မန္တလေးတိုင်းအစိုးရက နေရပ် အသီးသီး ပြန်ပို့ပေး

လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များကို မန္တလေးတိုင်းအစိုးရက နေရပ် အသီးသီး ပြန်ပို့ပေး
by -
မဇ္စျိမ

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့အပါအဝင် တပ်ပေါင်းစုအဖွဲ့နှင့် အစိုးရ စစ်တပ်တို့အကြား လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လောက်ကိုင်မြို့တွင် အလုပ်သွားရောက်လုပ်ကိုင်သူများမှာ ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းမှစပြီး လားရှိုးမှတစ်ဆင့် မန္တလေးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ မန္တလေးတိုင်းအစိုးရအစီ အစဉ်ဖြင့် နေရပ်အသီးသီးသို့ ပြန်ပို့ပေးနေရာ ဖေဖော်ဝါရီ ၁၅ရက်အထိ လူဦးရေ ၁၇၇၆ ဦး ရှိနေပြီဟု ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇော်ဝင်းနိုင်က မဇ္စျိမကို ပြောသည်။

ပျော်ဘွယ်မြို့နယ်၊ ဖိုကုန်းကျေးရွာမှ ကိုဖိုးကျော်က “မန္တလေး ကားကွင်းကို မနက်က ရောက်တယ်။ အဲဒီမှာ နေလို့မဖြစ်တော့လို့ ပြေးလာရတာပါ။ ခုလို မန္တလေးရောက်ဖို့အတွက် လားရှိုး ရှမ်းကျောင်းဆရာတော်က ကူညီပေးလိုက်တယ်။ ကျွန်တော်တို့ တရွာထဲက ၂၃ ယောက်ပါတယ်။ ကိုယ့်ဒေသမှာ လုပ်ငန်းက အဆင်မပြေလို့ လောက်ကိုင်မြို့နယ်က မိန်းရွာမှာ ကြံသွားခုတ်တယ်။ ဒါပေမယ့် လုပ်ငန်းမဝင်လိုက်ရဘဲ စစ်ဖြစ်လို့ ပြန်လာရတယ်” ဟု ပြောသည်။

Warrefugee

ဖေဖော်ဝါရီလ ၁၀ရက်မှ စတင်၍ ဆယ်ဘီးကားကြီးများဖြင့် လောက်ကိုင်မှ ဒုက္ခသည်များကို ရှမ်းပြည်နယ်အစိုးရနှင့် တပ်မတော်တို့က သွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ မန်ဆူရှမ်းကျောင်းနှင့် မန်ဆူဘုရားကြီး ကျောင်းတိုက်တွင် ဒုက္ခသည်များ နေရေးစားရေးအတွက် စီစဉ်ထားပြီး ထိုမှတစ်ဆင့် မန္တလေး၊ မန္တလေးမှတစ်ဆင့် နေရပ်များသို့ လိုက်လံပို့ဆောင်ပေးခြင်း ဖြစ်သည်။

"၁၀ရက်၊ ၁၁ရက်လောက်မှာပဲ ဆင်းလာခဲ့တာ။ ၁၀ရက်နေ့ကတော့ နည်းတယ်။ ၁၁ရက်လောက်ကစပြီး နည်းနည်းများတယ်" ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္စျိမကို ပြောသည်။

ဖေဖော်ဝါရီ ၁၅ရက်တွင် "ကျွန်တော်တို့ရတဲ့သတင်းကတော့ အလယ်ပိုင်းဒေသက ကြံခုတ်တဲ့သူတွေ မိသားစုဝင်တွေပါတယ်။ ၃၅၂ ဦး၊ ရဲတပ်ဖွဲ့ဝင် မိသားစု ၁၃၀ရောက်လာတယ်။ ရဲဝန်ထမ်းမိသားစုကတော့ ကလေး ၅၇ဦး၊ အခြားစာရင်းကတော့ ကောက်လို့မရဘူး။ ကားနဲ့ တန်းခေါ်သွားတာဆိုတော့" ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၅ရက်တွင် လားရှိုးမြို့ မန်ဆူကျောင်းတိုက်သို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာကာ ဆန်၊ ဆီနှင့် လိုအပ်သည်များ လှူဒါန်းသွားခဲ့သည်ဟု လားရှိုးမြို့တွင် ရောက်ရှိနေသည့် ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘိုက ပြောသည်။

"ခင်ဗျားတို့ အားမလျော့ကြနဲ့။ ကျုပ်တို့လည်း လက်မလျော့ဘူးလို့ ပြောသွားတယ်"ဟု ၎င်းက ကာကွယ်ရေးဦးစီးချုပ်က ဒုက္ခသည်များကို ပြောခဲ့သည့် စကားကို ပြန်လည်ပြောပြသည်။

ယင်းအပြင် လောက်ကိုင်မှ ထွက်ပြေးလာသည့်အထဲမှ ဆရာ/ဆရာမများနှင့် ပညာရေး ဝန်ထမ်းများ ၃၇၅ဦးကိုမူ လားရှိုးမြို့ အ.ထ.က (၁) ကျောင်းအတွင်း ထားရှိပြီး ပညာရေးဌာနမှ နေရေး၊ စားရေး တာဝန်ယူထားသည်ဟု ဆိုသည်။ ၎င်းတို့ကိုမူ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်မကျသေး၍ နေရပ်ပြန် ပို့ရန် မစီစဉ်ရသေးဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက ပြောသည်။

နေရပ်ပြန် ပြည်သူများအား မန္တလေးတိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်း၊ ပို့ဆောင်ရေး စီမံကိန်းရေးမှူး၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ၊ ကျန်းမာရေးဌာနနှင့် လူမှုကူညီရေးအသင်းများက လိုအပ်သည်များ ကူညီလုပ်ဆောင်ပေးလျက်ရှိသည်။

“ရောက်လာတဲ့ နေ့က ညကြီးဆိုတော့ သူတို့စားဖို့ လွယ်ကူတဲ့ ခေါက်ဆွဲခြောက်ထုပ်နဲ့ ရေသန့်ဘူးတွေ ဝယ်ပေးခဲ့တယ်။ ချက်ခြင်း ပို့/ဆက် (ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး) ရယ်၊ ထွေအုပ်ရယ် ပေါင်းပြီး ကားတွေ စီစဉ်ပေးရတယ်။ လားရှိုးကနေ ၁၂-ဘီး ကားတွေ၊ ဒိုင်နာတွေနဲ့ ရောက်လာကြတာ။ အဲ့ဒီမှာ အလုပ်သွားလုပ်တဲ့သူတွေပဲ” ဟု လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက မဇ္စျိမကို ပြောသည်။

ဒုက္ခသည်များသည် မန္တလေးမြို့၊ ချမ်းမြရွှေပြည် ခရီးသည်တင် ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိနေပြီး ၎င်းတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ထမင်းကျွေးခြင်း၊ လမ်းခရီးအတွက် ထမင်းဘူးများ၊ ရေသန့်ဘူးများ ထောက်ပံ့ထားသည်ဟု ဆိုသည်။

၎င်းတို့အား နေရပ်ဒေသအသီးသီးသို့ ပို့ဆောင်ပေးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၃ ရက်တွင် ယာဉ် ၁၁စီးဖြင့် ၃၄၇ ဦး၊ ၁၄ ရက်တွင် ယာဉ် ၄၃ စီးဖြင့် လူဦးရေ ၁၁၆၁ ဦး၊ ၁၅ ရက်တွင် ယာဉ် ၁၀ စီးဖြင့် လူဦးရေ ၂၆၈ ဦးတို့အား ပို့ဆောင်ပေးခဲ့ပြီး လူဦးရေ ၁၇၇၆ ဦးကို အခမဲ့ ပြန်လည်ပို့ပေးခဲ့သည်ဟု ဆိုသည်။

တောင်ကြီး၊ မကွေး၊ အောင်လံ၊ ရမည်းသင်း၊ ပျောက်ဘွယ် စသည့်နေရာများသို့ ပြန်သူများအား ၎င်းတို့ မြို့ရွာများနှင့် အလွယ်တကူ ချိတ်ဆက်သွားနိုင်မည့် အမြန်လမ်း ၂၅၃မိုင်အထိ လိုက်ပို့ပေးမည်ဟု ချမ်းမြသုခ လူမှုကူညီရေးအသင်း တာဝန်ခံ ကိုသန်းထွန်းက ပြောသည်။ ယင်းအပြင် နေရပ်ပြန်သူ အများစုမှာ ခရီးစရိတ်ပင် မရှိဘဲ ကိုယ်လွတ်ထွက်လာရသူများ၍ ဝိုင်းဝန်းအကူအညီပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

“ပို့ချင်တာက အိမ်တိုင်ရာရောက်ပဲ၊ ဒါပေမယ့် နောက်ထပ်လာမယ့် သူတွေကိုလည်း ခုလိုပို့ချင်လို့ အလျင်မီအောင် လုပ်ရတာပါ။ အိမ်တိုင်ရာရောက် ပို့နိုင်အောင် ကြိုးစားသွားမယ်” ဟု ကိုသန်းထွန်းက ဆိုသည်။

တောင်ငူ၊ စစ်တွေ၊ ကလေး၊ မိတ္ထီလာ၊ မြန်အောင်၊ ပုသိမ်၊ မြဝတီတို့ဘက်သို့ ပြန်ရမည့် ဒုက္ခသည်များကိုလည်း တိုင်းအစိုးရ၊ စေတနာရှင် ပြည်သူများနှင့် လူမှုအဖွဲ့အစည်းများက လှူဒါင်းထောက်ပံ့ပေးကာ ပို့ဆောင်ဆက်သွယ်ရေးဌာနမှ ယာဉ်များအပြင် လူမှုကူညီရေးအသင်း ယာဉ်များဖြင့် နေရပ်လိုက်လံပို့ပေးနေ သည်ဟု ဆိုသည်။

ယခုလ ၉ ရက်ကစပြီး ဖုန်ကြားရှင် ဦးဆောင်သည့် ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရခိုင် တပ်မတော် (AA) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)စသည့် တပ်ပေါင်းစုအဖွဲ့များနှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။

Most read this week