ပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ တက်ရောက်မည် မဟုတ်

ပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ တက်ရောက်မည် မဟုတ်
by -
မဇ္စျိမ

 နေပြည်တော်တွင် အစိုးရက ဦးစီးပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖိတ်ကြားထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် အဖွဲ့သုံးဖွဲ့မှာ အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဌာန အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္စျိမကိုပြောသည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထားရာ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ( KNPP)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့က အခမ်းအနားကို မတက်ရောက်ဖြစ်ကြောင်း ပြန်လည်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ဦးလှမောင်ရွှေက “သူတို့က ဖိတ်စာကို လက်ခံရရှိပါတယ်တဲ့။ သူတို့က မအားမလပ်ဖြစ်နေတဲ့အတွက် အခမ်းအနားကို မတက်ရောက်ဖြစ်ဘူးဆိုပြီး အကြောင်းကြားထားပါတယ်။ ကျန်တဲ့ အဖွဲ့တွေ အားလုံးက တက်မှာပါ။ တချို့အဖွဲ့တွေဆိုရင် တစ်ဖွဲ့ကို ၁၃ ယောက်၊ ၁၄ ယောက် အခမ်းအနား လာတက်ကြတာ ရှိပါတယ်” ဟု ပြောသည်။

တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၏ နိုင်ငံခြားဌာန ဌာနမှူး ပြန်ကြားရေး အရာရှိ တာပန်လက “မတက်ဖြစ်ပါဘူး။ ကျွန်တော်တို့ဆီမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် လူကြီးတွေက မအားလပ်ပါဘူး။ တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပွဲက ၂၀၁၃ ခုနှစ်မှာကတည်းက တစ်ခေါက်ပဲ တွေ့ဆုံညှိနှိုင်းခဲ့ပြီး နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခွင့် မရရှိခဲ့ပါဘူး။ ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ပတ်သက်၍ တစ်စုံစရာ သဘောထားမှတ်ချက် မပေးချင်ပါဘူး” ဟု ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း အစိုးရ တပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲ ၂၀ ခန့် ဖြစ်ပွားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ကို ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖိတ်ကြားခဲ့သော်လည်း ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)တို့ တက်ရောက်မည် ဖြစ်သည်။