ရခိုင်ပါတီက ဦးဆောင်ကာ ဝှိုက်ကတ် ဆန့်ကျင်ရေး တစ်ပြည်နယ်လုံး တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်မည်

ရခိုင်ပါတီက ဦးဆောင်ကာ ဝှိုက်ကတ် ဆန့်ကျင်ရေး တစ်ပြည်နယ်လုံး တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်မည်
by -
မဇ္စျိမ

ရခိုင်အမျိုးသားပါတီ ANP က ဦးဆောင်ကာ ရခိုင်ပြည်နယ်ရှိ ယာယီသက်သေခံ လက်မှတ် (ဝှိုက်ကတ်) ဆန့်ကျင်သည့် နိုင်ငံရေးအင်အားစုများနှင့် ပူးပေါင်းဆန့်ကျင်သွားမည်ဟု ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။

ဖေဖော်ဝါရီ ၁၅ ရက်တွင် ဝှိုက်ကတ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများကို ရခိုင်တစ်ပြည်နယ်လုံးတွင် တစ်ပြိုင်နက် ဆန္ဒထုတ်ဖော်ခြင်းကို ပြုလုပ်သွားမည် ဖြစ်သည်။

''ပါတီရဲ့ မူဒါဒဆုံးဖြတ်ချက်ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ပါတီတွင်းက ကိုယ်စားလှယ်တွေလည်း ပါဝင်ပြီးသားဖြစ်တယ်။ သူတို့ အချိန်ရ မရအခြေအနေအပေါ်မှာ မူတည်ပြီး ပါဝင်လာမှာပေါ့'' ဟု ၎င်းက ပြောသည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ကို ရခိုင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်း ကန့်ကွက်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ခြင်းကြောင့် လူထုနှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ မြို့နယ်ပါတီဥက္ကဋ္ဌများက ဦးဆောင်၍ လူထုနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး ဒေသအသီးသီးရှိ လွှတ်တော် ကိုယ်စားလှယ်များလည်း ပါဝင်လာမည်ဟု ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က ပြောသည်။

''ဥပဒေဘောင်အတွင်းကနေပြီး လွှတ်တော်မှာ ဆွေးနွေးသင့်တာဆွေးနွေး၊ လူထုနဲ့ပူးပေါင်းသင့်တာ ပူးပေါင်းပြီး ကန့်ကွက်သွားမှာပါ။ မြို့နယ်အသီးသီးက ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲထည့်ခွင့်ကို ဖေဖော်ဝါရီ ၂ ရက်က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့ပြီး ရခိုင်လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝှိုက်ကတ်ကိုင်ဆောင်သူ ၁ ဒသမ ၅ သန်းရှိပြီး ရခိုင်ပြည်နယ်တွင် ခုနစ်သိန်းခန့် ရှိသည်။ ရခိုင်ပြည်နယ်ရှိ ဝှိုက်ကတ်ကိုင်ဆောင်သူများသည် ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဆန္ဒမဲပေးခွင့်ရရှိခဲ့သည်။

ဝှိုက်ကတ်ကိုင်ဆောင်သူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ၂ဝ၁၅ ရွေးကောက်ပွဲတို့တွင် မဲပေးခွင့်ရရှိရန် ကြိုးပမ်းသွားမည်ဟု ဝှိုက်ကတ်ကိုင်ဆောင်သူ ဦးအောင်ဝင်းက မဇ္ဈိမကို ပြောကြားထားဖူးသည်။