ဖေဖော်ဝါရီ ၉ရက်တွင် လေးပွင့်ဆိုင်အကြိုဆွေးနွေးပွဲ မီဒီယာနှင့် ဝေးရာတွင် ပညာရေးဝန်ကြီးဌာန လုပ်လို

ဖေဖော်ဝါရီ ၉ရက်တွင် လေးပွင့်ဆိုင်အကြိုဆွေးနွေးပွဲ မီဒီယာနှင့် ဝေးရာတွင် ပညာရေးဝန်ကြီးဌာန လုပ်လို
by -
မဇ္စျိမ

လေးပွင့်ဆိုင်တွေ့ဆုံပွဲတွင် MPC မလိုလားဟု NNER ပြော

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်တွေ့ဆုံပွဲကို ပြန်လည်စတင်ရန် အကြိုဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၉ရက်တွင် ပြုလုပ်မည်ဟု ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်းပြောင်းလဲရေး ဆိုင်ရာကွန်ယက်မှ ဒေါက်တာ သိန်းလွင်ကပြောသည်။

အကြိုဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် NNER၊ ကျောင်းသားကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။ တွေ့ဆုံမည့် နေရာကိုမူ အတိအကျမသိရသေးဘဲ အစိုးရ အနေဖြင့် မီဒီယာ များများ မလာစေချင်၍ ရန်ကုန်နှင့် အလှမ်းဝေးသည့် နေရာတွင် ပြုလုပ်လိုသည်ဟုလည်း ဦးသိန်းလွင်က ပြောပြသည်။

"မီဒီယာပါလာရင် လူထုများလာပြီး တောင်းဆိုမှု ပြုတာမျိုးတွေ ဖြစ်လာမှာ သူတို့ (အစိုးရ) စိုးရိမ်တယ်။ ကျွန်တော်တို့က ဖြစ်နိုင်ရင် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးတာမျိုးကို လိုလားတယ်။"ဟု ၎င်းက ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် လေးပွင့်ဆိုင်တွေ့ဆုံပွဲအတွက် နေရာနှင့်ရက် သတ်မှတ်ရေး၊ လေးပွင့်ဆိုင်တွေ့ဆုံပွဲ၌ ဆွေးနွေးမည့် အချက်များကို အကြိုညှိနှိုင်းဆွေးနွေးမည်ဖြစ်သည်။

ယင်းအပြင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု၌ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) ကိုယ်စားလှယ်များ ပါဝင်သည်ကို NNER နှင့် ကျောင်းသားကိုယ်စားလှယ်များက မလိုလားဟု ဖွင့်ဟပြောဆိုသည်။

"ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးစင်တာ အနေနဲ့က Moderator (ကြားဝင်ညှိနှိုင်းပေးသူ)ဆိုပြီး တစ်ယောက်ချင်းစီ ခေါ်ထုတ်သွားလိုက်နဲ့ စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ လေးပွင့်ဆိုင်တွေ့ဆုံပွဲက အချက်အလက်တွေကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးဖို့မျိုးပဲ ဖြစ်ချင်တယ်။ ကျွန်တော်တို့ မကြိုက်ပါဘူး။ Moderator လုပ်မယ်ဆိုလည်း နှစ်ဖွဲ့လုံးက လက်ခံတဲ့အဖွဲ့အစည်းမျိုးပဲ ဖြစ်စေချင်ပါတယ်။" ဟု ဒေါက်တာသိန်းလွင်က ပြောသည်။