စာမေးပွဲများအားလုံးကို ကြေငြာထားသည့်အတိုင်း မပျက်မကွက်စစ်မည်။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေသည့် ကျောင်းသားများ၏ နောက်ကွယ် တွင် ကျောင်းသား အမည်ခံသူများနှင့် နိုင်ငံရေးအဖွဲ့အစည်း အချို့မှ ကြိုးကိုင်နေမှုများ ရှိနေပြီး တက္ကသိုလ်စာမေးပွဲ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အပါအဝင် စာမေးပွဲ အားလုံးကို ကြေငြာထားပြီးအတိုင်း မပျက်မကွက် စစ်ဆေးသွားမည်ဟု ပညာရေး ဝန်ကြီးဌာနက ဆန္ဒပြကျောင်းသားများကို ဖေဖော်ဝါရီ ၅ရက်က အသိပေး ထုတ်ပြန်လိုက်သည်။
"ပညာရေးဆိုင်ရာ ကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေရန် ကျောင်းသားလူငယ်များကို အသုံးချ၍ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေသူများ၊ အားပေးအားမြှောက်ပြုနေသည့် နိုင်ငံရေး အဖွဲ့အစည်းအချို့များ ပါဝင်ပတ်သက်နေသည် ကို တွေ့ရှိရပါသည်"ဟု ထုတ်ပြန်ထားသည်။
ယင်းအပြင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြနေမှုများ နှင့် ပတ်သက်၍လည်း "ဥပဒေနှင့် မညီညွတ်သော ဆန္ဒပြမှုများ ပြုလုပ်နေကြပါသည်"ဟု ဆိုကာ ကျောင်းသားများ၏ စစ်မှန်သော ပညာရေးဆိုင်ရာ ဆန္ဒများကိုမူ အစိုးရအနေဖြင့် လွှတ်တော်သို့ တင်ပြ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။
ကန့်ကွက်ဆန္ဒပြမှုများရှိနေသည့် အမျိုးသားပညာရေး ဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရန် သမ္မတဦးသိန်းစိန်က ဇန်နဝါရီလအတွင်းက သဝဏ်လွှာပေးပို့ထားသည်။ သမ္မတ၏ သဝဏ်လွှာ ပေးပို့ မှုကြောင့် ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ရန် လွှတ်တော်က ပညာရေးဝန်ကြီးဌာနသို့ ကမ်းလှမ်းထားသည်ဟု လည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
"ကမ်းလှမ်းပေးပို့လာသည့်အတွက် ညှိနှိုင်းပြင်ဆင်ပေးပို့ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်"ဟု ဆိုသည်။
ဖေဖော်ဝါရီ ၅ရက်က ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအပါအဝင် တက္ကသိုလ်စာမေးပွဲများ၊ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲအားလုံးကို ကြေငြာထားသည့် အတိုင်း မပျက်မကွက် ကျင်းပသွားမည်ဟုလည်း ဆိုသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ၂၀၁၅ခုနှစ် မတ်လဆန်းတွင် ဖြေဆိုမည်ဖြစ်ပြီး စတုတ္ထတန်း၊ အဋ္ဌမတန်း စာမေးပွဲများမှာ ဖေဖော်ဝါရီလအတွင်း ဖြေဆိုရန် ရှိသည်။ တက္ကသိုလ် နေ့တက် စာမေးပွဲများမှာ ဖြေဆိုပြီးဖြစ်ပြီး နည်းပညာတက္ကသိုလ် စာမေးပွဲမှာမူ တက္ကသိုလ်ဝင်တန်း စာမေးပွဲများအပြီး မတ်လအတွင်း ဖြေဆို မည် ဖြစ်သည်။
လက်ရှိတွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် သပိတ်မှောက် စစ်ကြောင်းများ ဆက်လက်ထွက်ခွာလျက်ရှိပြီး မန္တလေးစစ်ကြောင်းမှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့သို့ ရောက်ရှိကာ၊ ဧရာဝတီစစ်ကြောင်းမှာ ပန်းတနော်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထားဝယ်စစ်ကြောင်းမှာမူ ဖေဖော်ဝါရီ ၆ရက်တွင် စတင်ထွက်မည်ဖြစ်ပြီး မော်လမြိုင်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ရက်တွင် ထွက်ခွာကာ ထိုနေ့တွင် ထားဝယ်စစ်ကြောင်းနှင့် ပူးပေါင်းမည် ဖြစ်သည်။ စစ်ကြောင်းအားလုံးသည် ရန်ကုန်တွင် စုစည်းကာ သပိတ်မှောက်ရန် စီစဉ်ထားသည်။
သပိတ်မှောက်ကျောင်းသားများ၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက်(NNER) ၊ အစိုးရ နှင့် လွှတ်တော်ကိုယ်စားလှယ်များက လေးပွင့်ဆိုင်တွေ့ဆုံကာ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင် ရန် ဖေဖော်ဝါရီ ၁ရက်က ရန်ကုန် တက္ကသိုလ်တွင် ဆွေးနွေးခဲ့သေးသည်။ သို့သော် ညှိနှိုင်းအဆင်မပြေ၍ ဖေဖော်ဝါရီ ၃ရက်တွင် ထပ်မံ ဆွေးနွေးရန် ချိန်းဆိုခဲ့သော်လည်း ဆွေးနွေးမှု မစတင်မီပင် ပွဲပျက်ခဲ့ရကာ ပြည်ထောင်စုနေ့ နောက်ပိုင်းမှသာ ပြန်လည်ဆွေးနွေးရန် သမ္မတက သဘောထား မှတ်ချက်ပေးခဲ့သည်။