အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် နှင့် ဆန္ဒပြကျောင်းသားများကို အကြမ်းမဖက်ရန် UNFC တောင်းဆို

အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်ရန် နှင့် ဆန္ဒပြကျောင်းသားများကို အကြမ်းမဖက်ရန် UNFC တောင်းဆို
by -
မဇ္စျိမ

 အမျိုးသား ပညာရေး ဥပဒေအား ပြန်လည်ပြင်ဆင်ပေးရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ကျောင်းသားထုကို သက်ဆိုင်ရာ အာဏာပိုင်များက အင်အားသုံးဖြိုခွဲမည့် အရိပ်အယောင်များ တွေ့မြင်လာရ၍ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က စိုးရိမ်ကြောင်း ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန်လိုက်သည်။

“အကြောင်းအရာတွေက များလာတော့ လောလောဆယ် ကျောင်းသားလူငယ်တွေကို အကြမ်းဖက်တာတွေ ဖြစ် လာတယ် ဆိုရင် ကျွန်တော်တို့က သတိမပေးလို့ ဆိုပြီး ဖြစ်လာမှာဆိုးလို့ ကျောင်းသားတွေ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲ တွေမှာ အကြမ်းမဖက်ဖို့ ကြိုပြီး ထုတ်တဲ့သဘောပါ”ဟု UNFC ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္စျိမကို ပြောသည်။

Student-Strike-Myingyan-04

လက်ရှိတွင် ကျောင်းသား သပိတ်ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့တို့ ဇန်နဝါရီ ၂၈ ရက်တွင် တွေ့ဆုံညှိနှိုင်း ကာ ဖေဖော်ဝါရီ ၁ရက်၌ ကျောင်းသားများ တောင်းဆိုထားသည့်အတိုင်း အစိုးရ၊ လွှတ်တော်၊ ကျောင်းသား ကိုယ်စားလှယ်များ နှင့် ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) တို့ လေးပွင့် ဆိုင် တွေ့ဆုံရန် သဘောတူညီခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ပခုက္ကူ ကျောင်းသား သပိတ်က ခေတ္တရပ်ဆိုင်း လိုက်ပြီဖြစ်ကာ မန္တလေး ကျောင်းသားသပိတ် စစ်ကြောင်းကလည်း ဖေဖော်ဝါရီ ၁ ရက်တွင် ရပ်မည်ဟု ဆိုသည်။

သို့သော် ဖေဖော်ဝါရီ ၁ ရက် တွေ့ဆုံမှု၏ ရလာဒ်အပေါ် မူတည်၍ သပိတ်စစ်ကြောင်းများ ပြန်လည်ချီတက်မည်၊ မတက်မည်ကို ထပ်မံဆုံးဖြတ်မည်ဟုလည်း ဆိုသည်။

ထိုနေ့တွင်ပင် မန္တလေး သပိတ်စစ်ကြောင်းမှာ ပုပ္ပားမြို့အနီး အရောက်တွင် အာဏာပိုင်များ၏ တားဆီးမှုကို ခံနေရသည်။ ဇန်နဝါရီ ၂၇ ရက်ကလည်း တောင်သာမြို့တွင် စည်းသုံးစည်းဖြင့် ပိတ်ဆို့တားဆီးမှုများကြောင့် မန္တလေးတိုင်း ပညာရေးဝန်ကြီး လာရောက်ဖြေရှင်းကာ ယနေ့တွေ့ဆုံမှု ပြုလုပ်ရန် ညှိနှိုင်းခဲ့ရခြင်း ဖြစ်သည်။

ကျောင်းသားသပိတ်စစ်ကြောင်းများအရေး အပြင် UNFC က တိုင်းရင်းသားဒေသများ၌ ထိုးစစ်ဆင်မှုများ၊ လူ့အခွင့်အရေး ချိုးဖော်မှုများကိုလည်း ရပ်တန့်ရန် သဘောထားကြေညာချက်တွင် ထည့်သွင်းထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ကချင်ကျောင်းဆရာမ နှစ်ဦးအား ဇန်နဝါရီ ၁၉ ရက်က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှု ဖြစ်ခဲ့သည်။ ထိုဖြစ်ရပ်သည် ပဋိပက္ခကို အကြောင်းပြု၍ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပွားခြင်းဖြစ်ကာ ထိုသို့ ပြုမူခြင်းကို ချက်ခြင်းရပ်စဲရရန်  UNFC က တောင်းဆိုလိုက်သည်။

“ဒါက စစ်ရာဇဝတ်မှုဖြစ်တယ်လေ။ ဒါက စစ်ကိုအကြောင်း စစ်ပဋိပက္ခဖြစ်တယ်ဆိုတာကို အကြောင်းပြုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်တာကိုး ကြီးမားတဲ့ ပြစ်မှုဖြစ်တယ်။ ပြီးတော့ စစ်ပဋိပက္ခ နယ်မြေထဲမှာ မဒိန်းကျင့်လူသတ်ဆိုတာက သာမန်လူသတ်မှုထက်ကို ပိုပြီး ဆိုးဝါးတဲ့ ဖြစ်မှု၊ ဒီလို ဆိုးဝါးတဲ့ ပြစ်မှုတွေဟာ စစ်ရာဇဝတ်မှု အသွင်ဆောင်တယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကက မဇ္စျိမကို ပြောသည်။

ထို့ပြင် KIA နှင့် TNLA တပ်ဖွဲ့များ၏ ရှေ့တန်းသတင်းများအရ လက်ရှိ မြန်မာအစိုးရ စစ်တပ်မှ အင်အားထပ်မံ ဖြည့်တင်းခြင်းများ ရှိနေပြီး ပြန်လည်ဆုတ်ခွာမည့် လက္ခဏာမတွေ့ရသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်းလာဖွယ်ရှိသည်ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်မှ စတင်၍ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့မှုနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA အပါအဝင် TNLA ၊ SSPP တပ်ဖွဲ့တို့အကြား နေ့စဉ် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများဖြစ်ပေါ်နေပြီး တိုက်ပွဲများ ပိုမိုကျယ်ပြန်လာနိုင်ဖွယ်ရှိပြီး ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟု ဖော်ပြထားသည်။