စာမေးပွဲစနစ်ကို အသုံးပြုနေလျှင် မြန်မာ့ပညာရေး အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ဟု ဆို

စာမေးပွဲစနစ်ကို အသုံးပြုနေလျှင် မြန်မာ့ပညာရေး အောင်မြင်မှု ရရှိနိုင်မည် မဟုတ်ဟု ဆို
by -
မဇ္စျိမ

 တစ်နှစ်ပတ်လုံး ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို မူတည်ကာ အတန်းပညာကို မသတ်မှတ်ဘဲ စာမေးပွဲစနစ်ကို ၁ဝဝ ရာခိုင်နှုန်း အသုံးပြုနေလျှင် ပညာရေးစနစ် အောင်မြင်မှုရရှိနိုင်မည် မဟုတ်ကြောင်း မန္တလေးတက္ကသိုလ် ကထိကအဖြစ် တာဝန်ယူခဲ့ဖူးသော ဒေါက်တာလှမိုး က ပြောသည်။

မန္တလေး စွမ်းဟိုတယ်၌ ပြုလုပ်သော မြန်မာ့ပညာရေး အပြောင်းအလဲ နိုင်ငံတကာ ပညာရှင်များနှင့် ကိုယ်ပိုင်ကျောင်းများ၏ ရှုထောင့်အမြင်များကို ဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

School-2

''ပညာရေး မူဝါဒမှာ ဒီနေ့ဒီအချိန်အထိ အောင်ချက်မြင့်မားရေးကိုပဲ ဦးတည်နေတယ်။ အဲလိုလုပ်နေသမျှ ပညာရေးက နိမ့်ကျနေမှာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးက ၁ဝဝ ရာခိုင်နှုန်း စာမေးပွဲနဲ့ စစ်ဆေးတာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေမှာဆို ရင် ၃ဝ ရာခိုင်နှုန်းပဲ စာမေးပွဲစနစ်ကို ကျင့်သုံးတာ ဖြစ်ပါတယ်'' ဟု ဒေါက်တာ လှမိုး က ပြောသည်။

ပြည်ပနိုင်ငံများတွင် အထက်တန်း အောင်မြင်ပြီးစီးကြောင်း လက်မှတ်များကိုသာ ထုတ်ပေးပြီးနောက် လုပ်ငန်းခွင်ကျောင်းများ သင်ကြားပို့ချသော စနစ်ကို အသုံးပြုပြီးမှ မိမိနှစ်သက်သော ဘာသာရပ်၊ လိုလားသော တက္ကသိုလ်များကို ဝင်ခွင့် ထပ်မံဖြေဆိုသောစနစ် ကျင့်သုံးနေသည်။ ကျောင်းသား၊ ကျောင်းသူများ၏ တစ် နှစ်ပတ်လုံး လုပ်ဆောင်နိုင်သော စွမ်းဆောင်ရည်ကို စောင့်ကြည့် လေ့လာကာ အတန်းတက်ခွင့် ပေး လျက်ရှိသည်။

ပညာရေးစနစ်ကို ကောင်းမွန်အောင် မလုပ်ဆောင်လျှင် စစ်မှန်သော ပညာရေးစနစ်ကို ရရှိနိုင်မည် မဟုတ်ဘဲ နောက်ဆက်တွဲ ပြဿနာများအဖြစ် ကျရှုံးခြင်း၊ လုပ်ငန်း မအောင်မြင်ခြင်း၊ လုပ်သား ရှားပါးခြင်း၊ အလုပ်ခန့်အပ် မခံရခြင်း၊ ဘွဲ့ရပြီး စစ်မှန်သော ပညာကင်းမဲ့ခြင်း၊ အလုပ်မရှိခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ ဆင်းရဲခြင်းစသည့် ကိစ္စရပ်များကို ကြုံတွေ့ရမည် ဖြစ်ကြောင်း သုံးသပ်ကြသည်။

ထို့အတွက် ပညာရေးစနစ်ကို ပြင်ဆင်ရန် လိုအပ်နေသော်လည်း မိဘ၊ ဆရာ၊ ကျောင်းသားများ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မိဘများမှလည်း ကျောင်းသား၊ ကျောင်းသူများ သင်ကြားနေသည့် အတန်းပိုင် ဆရာများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်း၊ ကျောင်းသားများ၏ အခြေအနေကို လေ့လာခြင်းနှင့် အခြားသော လိုအပ်ချက်များကို လေ့လာရန် လိုအပ်ကြောင်း၊ ပညာသင်ကြားရေးတွင် အဓိကကျသော ဆရာများက ထိုက်တန်သော လစာမရရှိသဖြင့် ပညာရေးကို ဂရုမစိုက် လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ကြစေ လိုကြောင်း၊ လစာနှင့် ပတ်သက်သော ကိစ္စရပ်များကို အစိုးရနှင့်သာ သက်ဆိုင်သောကြောင့် အစိုးရကိုသာ တင်ပြ တောင်းဆိုရမည်ဖြစ်ကြောင်းနှင့် ပညာရေးတိုးတက်မှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဂျာမနီနိုင်ငံသား ဖောင်တော်ဦး ပရဟိတကျောင်းမှ Teacher Trainer  မစ္စတာ အက်ဝပ်က ''မြန်မာနိုင်ငံမှာ သဘာဝ သယံဇာတတွေ အများကြီးရှိပေမယ့် အသိပညာ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုပါတယ်။

ဒါမှ ကမ္ဘာမှာ တင့်တင့်တယ်တယ် ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်'' ဟု ပြောသည်။ ဆွေးနွေးပွဲ တက်ရောက်လာသော ကိုယ်ပိုင် အထက်တန်းကျောင်းများ တည်ထောင်အုပ်ချုပ်သူများက မြန်မာပြည်ပညာရေး စနစ်ကို လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ထောက်ပြဆွေးနွေးကြသည်။