ဆန္ဒပြကျောင်းသားအရေး နှစ်ဘက်စလုံး အပေးအယူလုပ်ဖို ့အဆင်သင့် ရှိရမှာဟု ဒေါ်စုပြော

ဆန္ဒပြကျောင်းသားအရေး နှစ်ဘက်စလုံး အပေးအယူလုပ်ဖို ့အဆင်သင့် ရှိရမှာဟု ဒေါ်စုပြော
by -
မဇ္စျိမ

အဆင့်မြင့် ပညာရေး ဥပဒေကို ကန့်ကွက်ပြီး ခရီးရှည်ဆန္ဒပြရင်း နေပြည်တော် ဧရိယာသို့ ဝင်ခွင့်မရသောကြောင့် တောင်သာသို ့လှည့်အသွား မြင်းခြံနှင့် တောင်သာအကြား ပိတ်မိနေသည့် ကျောင်းသားများ အရေးအပေါ် အစိုးရအဖွဲ့နှင့် ဆန္ဒပြသူတို့ နှစ်ဘက်စလုံး ညှိနှိုင်းပြီး အပေးအယူ လုပ်ကြဖို့အဆင်သင့် ရှိရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမစမီ မီဒီယာသို့ ပြောခဲ့သည်။

“ပြသနာ ဖြေရှင်းတယ်ဆိုတာ တဖက်တည်းတော့ မဟုတ်ဘူး။ ဟိုဘက် ဒီဘက်ပေါ့နော်။ အားလုံးကနေပြီးတော့ အပေးအယူလုပ်ဖို့ အဆင်သင့် ရှိရမှာပေါ့။ အန်တီအမြဲ ခဏခဏပြောတယ်။ ဒီမိုကရေစီမှာ အပေးအယူ လုပ်တယ်ဆိုတာ တဖက်က ငါလိုချင်တာ တစ်ရာ ရာခိုင်နှုန်းရမှ ဆိုတဲ့ကိစ္စက အပေးအယူဘယ်တော့မှ မဖြစ်ဘူး။ အပေးအယူဆိုတာ ကိုယ့်ဘက်ကလည်း ပေးရတယ်။ ဟိုဘက်ကလည်း ပေးရတယ်။ ကိုယ့်ဘက်ကလည်း ယူမယ်။ ဟိုဘက်ကလည်း ယူမယ်။ ဒီလိုပဲ ရှိရမှာပဲ။ ဒါဒီမိုကရေစီရဲ့ ယဉ်ကျေးမှု အခြေခံပဲ” ဟု သူမက ပြောသည်။

Student-Strike-Mandalay-Began-Marching-18

ပြသနာဖြေရှင်းရန် အကောင်းဆုံးနည်းမှာ ညှိနှိုင်းဖြေရှင်းနည်းသာ ဖြစ်သည်ဟုလည်း ဒေါ်စုက ပြောသည်။ ထို့အပြင် သူမက “ဘာပဲပြောပြော အလုပ်လုပ်တယ်ဆိုတာ ကိုယ်က မှန်မှန်ကန်ကန် လုပ်ဖို့ပဲ အရေးကြီးတယ်။ ဘာအလုပ်ပဲ ဖြစ်ဖြစ် အန်တီက ဒါပဲပြောတယ်။ တာဝန်သိသိနဲ့ လုပ်ရမယ် မှန်မှန်ကန်ကန်လုပ်ရမယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ တာဝန်သိသိ လုပ်တယ်ဆိုလို့ရှိရင် ဒါဟာရပ်တည်ချက်အရ လုပ်တာပဲ။ ရပ်တည်ချက်အရ လုပ်တယ်ဆိုလို့ ဗရမ်းဗတာ လုပ်ရမယ်လို့ ပြောတာမဟုတ်ဘူး” ဟုလည်း ကျောင်းသားတို့အား လမ်းညွှန်ပြောကြားခဲ့သည်။

ခရီးရှည် ဆန္ဒပြ ကျောင်းသားအဖွဲ ့သည် ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် မြင်းခြံသို ့ရောက်ရှိခဲ့ပြီး မြင်းခြံ ဒီကရီကောလိပ်အတွင်းရှိ နိုင်ငံတော်အလံကို ဖြုတ်ချကာ ကျောင်းသားအလံကို တင်ခဲ့သောကြောင့် ဒေသ အာဏာပိုင်တို့က ဖမ်းဆီးအရေးယူနိုင်ရန် တောင်သာနှင့် မြင်းခြံအကြားတွင် ယနေ့နံနက်ပိုင်းက စောင့်ဆိုင်းနေကြောင်း လူမှုကွန်ယက် သတင်းများတွင် ဖော်ပြထားကြသည်။

“ဒီမနက်မှာ တောင်သာနဲ့ မြင်းခြံကြား ဓမ္မိသာရတောင်ကြား နန်းမြင့် ပြည်ခိုင်ဖြိုးရွာအနီးမှာ၊ မိုင်တိုင်အမှတ် ၄၄၈ နား၊ ဆင်တဲဝတံတားနားမှာ လုံထိန်းအင်အား ၁၅၀ နဲ့ လုံထိန်းကား သုံးစီး၊ မီးသတ်ကား နှစ်စီး စောင့်နေတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက နေ့လယ် ၁၂ နာရီခွဲတွင် ဖုန်းဖြင့် ပြောသည်။

ထိုအချိန်တွင် ကျောင်းသားတို့ကမူ မြင်းခြံမြို ့မှ ထွက်ခွာကာစသာရှိသေးပြီး မြင်းခြံမှအထွက် စွပ်ကျယ် စက်ရုံအနီးတွင် ဒေသအာဏာပိုင်အဖွဲ ့ပေါင်းစုံတို့က အင်အားလေးရာခန့်ဖြင့် ပိတ်ဆို့ထားသည် ဟု ကျောင်းသား အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သော တောင်ငူ နည်းပညာ တက္ကလိုလ်ကျောင်းသား ကိုဇော်ဆိုင်းက ဖုန်းဖြင့်ဖြေကြားသည်။

တောင်သာမြို့ ဒေသအာဏာပိုင်များ၏ အနေအထားနှင့် ပတ်သက်ပြီး တောင်သာမြို့နယ် အမတ် ဦးအောင်သောင်းက “ပိတ်ဆို ့တားဆီးတာတော့ မရှိပါဘူး လုပ်လည်း မလုပ်ပါဘူး။ အဘတို့ဘက်က ဘာမှ မလုပ်ပါဘူး၊ အဘတို့က မေတ္တရပ်ခံမယ် မြို့မိမြို့ဖတွေနဲ့ လွှတ်တော်ကလည်း လုပ်ပေးမယ် သမ္မတကြီးကလည်း လုပ်ပေးမယ်၊ ပညာရေး ဝန်ကြီးဌာနကလည်း ဥပဒေ ပြန်ဆွဲနေတယ်၊ ကျောင်းသားတွေ လိုချင်တဲ့ အချက်လေးချက်လည်း ပါမယ်၊ အဲဒါကြောင့် အေးအေးဆေးဆေး လုပ်ကြပါ၊ ပြည်သူတွေက အခုလို ဆက်သွားရင် လန့်တယ် ကြောက်တယ် စိုးရိမ်နေတဲ့အတွက် ကျောင်းသားတွေ ဆက်မလုပ်ဖို့ မေတ္တရပ် ခံတာပါ။ အခြားနည်းနဲ့ ပိတ်တာဆို့ တာကတော့ အဘတို့နဲ ့မဆိုင်ဘူး” ဟု ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မီဒီယာကို ဖြေကြားသည်။

ယခင် ပြည်သူ့ အရေးအခင်းများတွင် ဦးအောင်သောင်း၏ တောင်သာ တပ်က နှောင့်ယှက်ဟန့်တား ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်ဟု သတင်းများပေါ်ထွက်ခဲ့ရာ ယခုကိစ္စတွင်လည်း အလားတူ ဖြစ်လာမည်လား ဟု မေးမြန်းသောအခါ ၎င်းက “အဘတို ့မှာ ဘာအဖွဲ ့မှမရှိပါဘူး၊ အွန်လိုင်းတွေမှာ တက်လာတာကတော့ အမျိုးမျိုးပေါ့၊ ထင်ကြေးနဲ ့ပြောနေတာတွေ ရှိမှာပေါ့၊ တောင်သာ တပ်မတော်လည်း မရှိပါဘူး၊ တပ်မတော်ဆိုလို့ အဘတစ်ယောက်တည်း ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။