ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အသတ်ခံရသော စေတနာ့ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး အမှုအတွက် တပ်မတော်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သမ္မတရုံး အကြီးတန်း အရာရှိ တစ်ဦးက မဇ္စျိမကို အတည်ပြု ပြောဆိုလိုက်သည်။
၎င်းက "တပ်မတော်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပါတယ်။ တပ်တွင်းမှာလည်း စစ်ဆေးနေပါတယ်။ ရဲလုပ်ငန်းစဉ်တွေမှာလည်း တပ်မတော်က ပူးပေါင်း ဆောင်ရွက်နေပါတယ်" ဟု ဆိုသည်။
အဆိုပါ ဆရာမနှစ်ဦး အသတ်ခံရမှု အတွက် ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသား အဖွဲ့အစည်း များ၊ နိုင်ငံရေး ပါတီများ၊ ဘာသာရေး အဖွဲ့အစည်းများက အမှုမှန် ပေါ်ပေါက်ရေးအတွက် တောင်းဆိုမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ဆရာမနှစ်ဦး သေဆုံးပြီးနောက်ပိုင်းမှ စ၍ အဖွဲ့အစည်းပေါင်းစုံက အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆက်တိုက် တောင်းဆိုခဲ့ကြသည်။
ဇန်နဝါရီလ ၂၆ ရက် ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ချက်ထုတ်၍ လည်းကောင်း၊ မန္တလေးမြို့၊ ၂၆-လမ်း၊ ရ၄×၇၅ လမ်း၊မက်သဒစ်ခရစ် ယာန်ဘုရားကျောင်းနှင့် ရန်ကုန်မြို့ စမ်းချောင်း မြို့နယ်ရှိ ကချင် နှစ်ခြင်းအသင်းတော်တို့တွင် ဆုတောင်းခြင်းဖြင့် လည်းကောင်း တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။
ဇန်နဝါရီ ၂၅ရ က်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း(WCC) ဆု တောင်းခြင်းနှင့် ဖိလစ်ပိုင်-ချင်းခရစ်ယာန် မိတ်သာဟာရအဖွဲ့မှ အဖြစ်မှန်အား တာဝန်ရှိ အစိုးရမှ အမြန်ဆုံး ဖော်ထုတ်ပေးကာ တရားမျှတစွာ အရေးယူဖြေရှင်းပေးရန် အတွက်လည်းကောင်း ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေး ဖြစ်စဉ်များတွင် အမျိုးသမီးများကို အကြမ်းဖက် ဓားစာခံလုပ်ကာ ပဋိပက္ခများအား ဆက်တိုက်ဆန့်ကျင်သွားမည် ဟုလည်း ကချင်အမျိုးသမီးကွန်ရက်အဖွဲ့ဝင် ဒေါ်မေစံပါယ်ဖြူက ဇန်နဝါရီ ၂၆ရက်က စမ်းချောင်းမြို့နယ်ရှိ ကချင်နှစ်ခြင်းအသင်းတော်တွင် ပြုလုပ်သည့် ဆုတောင်းပွဲတွင် အမျိုးသမီးထု ကိုယ်စားဟုဆိုကာ ပြောကြားလိုက်သည်။
“အမျိုးသမီးတွေကို ဓားစာခံလုပ်ပြီး လူမျိုးရေး၊ ဘာသာရေး၊ ပဋိပက္ခတွေ ဖန်တီးမှုတွေ မကြာခဏ ကြံုတွေ့ရပါတယ်၊ ဒီဖြစ်စဉ်တွေကို အစဉ်တစိုက် ဆန့်ကျင်မှုတွေ လုပ်သွားဖို့ လိုတယ်၊ ကျွန်မတို့ အမျိုးသမီးတွေရဲ့ လုံခြံုမှုအတွက် ဒီလိုဖြစ်စဉ်တွေကို ဆန့်ကျင်ရမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ ဆရာမနှစ်ဦးမှာ ဇန်နဝါရီလ ၁၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်းမြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာတွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက “နယ်စွန်နယ်ဖျားမှာ အစိုးရက ဝန်ထမ်း လွှတ်မပေးနိုင်တဲ့ နေရာမှာသွားပြီး စွန့်စွန့်စားစား ကလေးတွေအတွက် စာသင်ပေးခဲ့ရတဲ့ ဆရာမလေးတွေပါ။ အစိုးရက အမြန်ဆုံးတရားခံ ဖမ်းမိအောင်ဆောင်ရွက်သင့်ပါတယ်”ဟု ပြောသည်။
NLD ၏ ထုတ်ပြန်ချက်တွင် ဆရာမနှစ်ဦးကို သတ်ဖြတ်သွားသူများကို မှန်းဆပြောနေမှုများသည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နေသည့် ကာလအတွင်း မလိုလားအပ်သည့် ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဖော်ပြထားသည်။
ကချင်အမျိုးသမီးတစ်ဦးဖြစ်သည့် မဆိုင်းခေါန်က "မိသားစုနဲ့ ထပ်တူခံစားရပါတယ်။ ဒီအဖြစ်အတွက် အမှုမှန်ကို အမြန်ပေါ်ပေါက် စေချင်ပါတယ်။ နောက်ထပ်လည်း မဖြစ်စေချင်တော့ဘူး”ဟု ပြောသည်။
မန္တလေး ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်လာသည့် မစိုင်းခေါင်က “ မငြိမ်းချမ်းသေးတဲ့ နေရာတွေမှ ပညာသင်ပေးရတဲ့ ဆရာမတွေ လုံခြံုမှုမရှိတော့ဘူး” ဟု ပြောသည်။
အဆိုပါ ဆရာမနှစ်ဦး သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ အမျိုးသမီးအဖွဲ့များ ကွန်ရက်က ဇန်နဝါရီလ ၂၂ ရက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖော်ထုတ်ပေးရန် ထုတ်ပြန်ချက် ထုတ်၍ တောင်းဆိုထားပြီး ယင်းထုတ်ပြန်ချက်ကိုလည်း သမ္မတရုံးအထိ ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း တင်ပြသွားမည်ဟု အမျိုးသမီးအဖွဲ့များ ကွန်ယက် (မြန်မာ) မှ ညှိနှိုင်းရေးမှူး ဒေါ်မာမာချိုက ပြောသည်။
အမျိုးသမီး အဖွဲ့များကွန်ယက် (မြန်မာ)မှ ညှိနှိုင်းရေးမှူး ဒေါ်မာမာချိုက ''ထုတ်ပြန်ချက်ကို သမ္မတရုံး အပါအဝင် လွှတ်တော်ကို တင်ပြသွားမယ်။ အမှုမှန် အမြန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမယ်။ ဒီအမှုကို အရပ်ဘက်တရားရုံးမှာပဲ အရေးယူစေလိုတယ်''ဟု ပြောသည်။
အဆိုပါ အသတ်ခံခဲ့ရသည့် အသက် ၂ဝ အရွယ်ရှိ ကချင်တိုင်းရင်းသူ ကျောင်းဆရာမနှစ်ဦးမှာ မရမ်လုရာနှင့် တန်တောင်ခေါန်နန်ဒင့် တို့ဖြစ်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အစီအစဉ်ဖြင့် ကောင်းခါကျေး ရွာမှ ကလေးငယ်များကို ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အခမဲ့ စေတနာ့ဝန်ထမ်း ပညာသင်ကြား ပေးနေသူ များ ဖြစ်ပြီး ဘုရားကျောင်းဝင်းအတွင်းရှိ နေထိုင်ရာအိမ်ခန်းတွင် ဇန်နဝါရီ ၁၉ ရက်က သေဆုံးခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်က ကချင်ပြည်နယ်ရှိ မော်ကွန်းဝင်ပုဂ္ဂိုလ်များသဂြုႋလ်သည့် ဝန်ပေါင် သုသာန်တွင် သဂြုႋဟ်ခဲ့သည်။