ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည့် နေရာသည် သန်လျင်ရေနံချက် စက်ရုံအနီး ကိုက် ၁၀၀ ဝန်းကျင်တွင် ဆယ်ယူရမည် ဖြစ်သဖြင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၏ ခွင့်ပြု၊ မပြုကိုမူ ရက်သတ္တပတ် တစ်ပတ်ကြာမှ သိရမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က မဇ္စျိမကို ပြောသည်။
အဆိုပါ ခေါင်းလောင်းဆယ်ယူမည့် နေရာသည် ရန်ကုန်မြို့တောင်ဘက် ၁၀ မိုင်အကွာ သန်လျင် ရေနံချက် စက်ရုံ ဆိပ်ကမ်းအနီး ကိုက် ၁၀၀ ဝန်းကျင်တွင်ဖြစ်သည်။
ဦးစောထွန်းအောင်မြင့်က “မြန်မာ့ရေနံကနေပြီးတော့ သူတို့ ဝန်ကြီးရဲ့ ခွင့်ပြုချက်စောင့်ပါ။ ငါးရက် လောက် စောင့်ပါဆိုလို့ စောင့်နေတယ်။ တစ်ပတ်လောက်တော့ အချိန်ပေးပါ။ ခေါင်းလောင်းကြီးရှိ တယ်လို့ ထင်ရတယ့်နေရာ ဟိုးအရင်က ဆင်ကျံုးလို့ခေါ်တဲ့နေရာရဲ့ ၂၂ ပေအကွာမှာ ရောက်နေတယ်လေ။ အဲ့ဒီ နေရာက မြန်မာ့ရေနံရဲ့ရှေ့တည့်တည့်ဖြစ်နေလို့ သူတို့နေရာကနေ သူတို့ဌာန ဝန်ကြီးရဲ့ခွင့်ပြုချက်မှ ရှာပါလို့ပြော လို့ ဦးကျော်ဝင်းက စာတင်ထားတယ်”ဟု ပြောသည်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် စီစဉ်နေသူ ဦးကျော်ဝင်းက ၎င်း၏ အစီအစဉ်ကို ကရင်တိုင်ရင်းသားရေး ရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ထံ တင်ပြခဲ့ခြင်းဖြစ်သည်။ ဦးစောထွန်းအောင်မြင့် က ဝန်ကြီးချုပ်ထံ တင်ပြ၍ အစည်းအဝေးထိုင်ကာ နိုင်ငံတော်သမ္မတရုံးထံ တင်ပြပြီး နိုင်ငံတော် သမ္မတရုံးက ဆယ်ယူရန် ခွင့်ပြုခဲ့ ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ဦးကျော်ဝင်းက “တကယ်လို့တွေ့ခဲ့ရင်လည်း အစိုးရကပဲ ကြေညာလိမ့်မယ်။ ဒီကိစ္စကို ကိုင်တာက ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့် သူကအရင်ရေကြောင်းညွှန်ချုပ်ပါ တပ်မတော်ရေ အရာရှိလည်းဖြစ်ခဲ့ပါတယ်။ ဦးသိခဲ့ရင်လည်း သူ့ဆီပဲ သတင်းပို့ရမှာပါ ကျန်တာ သူဆက်လုပ်ပါလိမ့်မယ်။ တကယ်ဆိုရင် ဒီအလုပ်ဟာ သိပ်ခက်ခဲပါတယ်”ဟု မဇ္စျိမကို ပြောသည်။
ရေငုတ်သမားကို အားကိုးမည်မဟုတ်ဘဲ ခေတ်မီစက်များ၏ စွမ်းရည်မြှင့်တင်ရဦးမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် မည်သည့် ကိစ္စကိုမျှ သေချာ မပြောလိုသေးကြောင်း နှင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆက်လက်စောင့်ကြည့်ရန်သာ ဦးကျော်ဝင်းက ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းသည် ကြေးပိဿာချိန် ၁၈၀,၀၀၀ရှိသည်မှာ မှန်ကန်မှုရှိပြီး အမြင့်ပေ ၁၂ တောင်၊ အဝ ၈ တောင်ရှိကာ အထူ ၂ပေနှင့် ကွင်းအကျယ် ၄ ပေရှိပြီး ခေါင်းလောင်းပုံစံသည် ပြောင်းဖူးကဲ့သို့ ပုံစံရှိသည်ဟုလည်း ဦးကျော်ဝင်းကဆိုသည်။
အဆိုပါ ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်က စတင်ခဲ့ရှာဖွေခဲ့သည်။
အဆိုပါ ခေါင်းလောင်းအား ဦးကျော်ဝင်းက အိပ်မက်အရ ရှာဖွေခြင်းဖြစ်သည်ဟုလည်း မီဒီယာများသို့ ပြောကြားဖူးသည်။