၆ ပွင့်ဆိုင် မူဘောင်သတ်မှတ်ရေး စောလျင်စွာတွေ့ရန် သူရဦးရွှေမန်းက သမ္မတထံ သဝဏ်လွာပို့ပြီ

၆ ပွင့်ဆိုင် မူဘောင်သတ်မှတ်ရေး စောလျင်စွာတွေ့ရန် သူရဦးရွှေမန်းက သမ္မတထံ သဝဏ်လွာပို့ပြီ
by -
မဇ္စျိမ

ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားသည့် ၆ ပွင့်ဆိုင်အတွက် ပထမအကြိမ် တွေ့ဆုံပြီး ဆွေးနွေးမှု မူဘောင်အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း သတ်မှတ်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ၆ ဦးအဖွဲ့ တွေ့ဆုံရေးကို စောလျင် စွာ ပြုလုပ်ရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်ထံ သဝဏ်လွှာ ပေးပို့လိုက်သည်။

နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး ကို ကောင်းမွန်သော လုပ်ငန်းတစ်ရပ် ဖြစ်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်စေလိုသည်ဟု သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီလ ၁၇ ရက်စွဲဖြင့် ပေးပို့ထားသည့် အပေါ် ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ခေတ်စနစ်၊ အချိန်အခါနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရန် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ကိုယ်စားလှယ်များမှ တစ်ဦးနှင့် တပ်ချုပ်တို့ပါဝင်သည့် ဆွေးနွေးပွဲ ကျင်းပရန် ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် လွှတ်တော်တွင် အဆိုတင်သွင်း ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံခြင်း အားဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ အတွက် ပိုမိုကောင်းမွန်ဟု ပြည်ထောင်စုလွှတ်တော် နာယက၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ ၆ ပွင့်ဆိုင် တွေ့ဆုံရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက အကြံပြုလိုပါက ယခုလ ၂၃ ရက် နောက်ဆုံးထားပေးရန် ပြောကြားထားသည်။

Most read this week