စည်ပင်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ နားလည်စေရေး ပွင့်လင်းစွာချပြရန် အရေးကြီးပြီး ချက်ချင်းဆောင်ရွက်ပေးရန် မဖြစ်နိုင်သော ကိစ္စရပ်များကို ပြည်သူလူထု သဘောပေါက်အောင် ချပြရန်လိုအပ်ကြောင်းနှင့် ပြည်သူများပါ ပါဝင်ဆောင်ရွက်မှသာ စည်ပင်လုပ်ငန်းများ မြန်ဆန် မည်ဖြစ်ကြောင်း ရွေးကောက်ခံ စည်ပင် ကိုယ်စားလှယ်အချို့က ထောက်ပြပြောဆိုခဲ့သည်။
ရန်ကုန် အရှေ့ပိုင်းခရိုင်မှ တတ်သိပညာရှင်အဖြစ် ရွေးချယ်ခံရသော ဒေါက်တာစိုးထွန်းက ''စည်ပင်လုပ်ငန်း အားလုံးကို ဗဟိုကချုပ်ကိုင်တာ မဟုတ်ဘဲ ဘတ်ဂျက်နဲ့ function (လုပ်ငန်းစဉ်) ကို ပွင့်လင်းမြင်သာစွာ ချပြပေးထားဖို့ လိုတယ်။တကယ့်မြေပြင် အခက်အခဲကို ဗဟိုက သိမှာ မဟုတ်ဘူး။ မြို့နယ်၊ခရိုင်က ပြည်သူတွေက တိုင်ရင် ကျွန်တော်တို့ အဆင့်ဆီအရင်လာတာလေ။ ပွင့်လင်းမြင်သာစွာ ချပြထားမှု မရှိရင် ရှင်းရတာက ခက်ခဲမှုရှိတယ်။ ဒါကကျွန်တော်တို့ ကြံုရတဲ့ အဓိကအခက်အခဲပဲ'' ဟု ဆိုသည်။
ပြည်သူများက တင်ပြလာသော အခက်အခဲများနှင့် တိုင်ကြားလာသည်များကို စည်ပင်ကိုယ်စားလှယ်များက ရှင်းလင်းရာတွင် စည်းကမ်းတကျ ဖြစ်စေရန် စည်ပင်သာယာ လုပ်ငန်းများကို ပြည်သူများ နားလည်အောင် အသိပညာပေးမှုနှင့် ပွင့်လင်းမြင်သာမှု လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
''အရှေ့ပိုင်း ခရိုင်အတွက် တစ်နှစ်စာ လျာထားတဲ့ ဘတ်ဂျက်က ၈၅ သိန်းပဲရှိတယ်။ ဒီတော့ ပြည်သူက တင်ပြတိုင်းချက်ချင်းမလုပ်နိုင်တာမျိုး ရှိတယ်။ ဒါကို ပြည်သူတွေကို ရှင်းပြလိုက်တော့မှ နားလည်သွားတယ်'' ဟု ၎င်းက ပြောသည်။
ဗဟိုကော် မတီဝင်အဆင့် (၉) ဦးခင်မောင်တင့်က ''စည်ပင်ကခုမှ အပြောင်းအလဲဖို့ လုပ်နေဆဲ ကာလဖြစ်တယ်။ ဒီကာလမှာ ပြည်သူနဲ့ အပြန်လှန်နားလည်မှု ယုံကြည်မှုရဖို့ တည်ဆောက်နေတုန်းဆိုတော့ နည်းနည်းတော့ အခက်အခဲက ရှိမှာပဲ။ ပွင့်လင်းမြင်သာမှု ရှိဖို့ကတော့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာပါ'' ဟု ဆိုသည်။
ကော်မတီဝင်အဆင့် (၈) ဒေါက်တာအေးမင်းက ''စည်ပင်က အပြောင်းအလဲ လုပ်တာဟုတ်တယ်။ ဒါပေမဲ့ တစ်ရာရာခိုင်နှုန်း အပြောင်းအလဲ မဟုတ်သေးဘူး။ ဒီလောက် အချိန်တိုအတွင်းမှာတော့ ကိုယ်စားလှယ်တွေကလည်း အကုန်မသိနိုင်သေးပါဘူး။ ကျွမ်းကျင်မှုနဲ့ အတတ်ပညာပိုင်းမှာ အရင်လူတွေကို အားကိုးနေရဦးမယ်။ နိုင်ငံကလည်း အပြောင်းအလဲ ကာလမို့ ဒီမိုကရေစီ အပြည့်ရတဲ့ နိုင်ငံမဟုတ်သေးဘူး။ ဗျူရိုကရက် ပုံစံက ရှိနေဦးမှာပဲ'' ဟု ပြောသည်။