အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှု ရက် ၆ဝ အလွန် လှုပ်ရှားမှုအဖြစ် အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်သော ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂ဝ ရက်မှ စတင်ပြီး အင်အား ၁ဝဝ ခန့်ဖြင့် မန္တလေး အိမ်တော်ရာဘုရားမှ ရန်ကုန်သို့ စတင် ချီတက်ပြီဖြစ်သည်။
ရက် ၆ဝ အတွင်း ညှိနှိုင်း ဆောင်ရွက် မှုများ မရှိသည့်အတွက် သပိတ်အရှိန်အဟုန်တိုးမြှင့်သောအားဖြင့် ဒီမိုကရေစီ ပညာရေး သပိတ် စစ်ကြောင်းကို စတင်လိုက် ခြင်းဖြစ်သည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနှင့်ပြန် ကြားရေးမှ ကိုရဲရင့်ကျော်က ပြောသည်။
၎င်းးက''အစိုးရအနေနဲ့ ပညာရေးကို ပြုပြင်ပြောင်းလဲ မပေးနိုင်စရာ မရှိပါဘူး။ ပြောင်းလဲပေးနိုင်ပါတယ်။ ဒီကိစ္စက အစိုးရ အာဏာ ကုလားထိုင်ကို ထိပါးနေတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ နိုင်ငံရဲ့အနာဂတ်၊ လူငယ်တွေရဲ့ အနာဂတ်ဖြစ်ပါတယ်'' ဟု ပြောသည်။
သပိတ်စတင်ထွက်ခွာပြီးနောက်တွင် မန္တလေးမြို့သူ၊ မြို့သားအချို့မှ သပိတ်မှောက်ကျောင်းသားများထံ အလှူငွေများ လှူဒါန်းခြင်း၊ သပြေပန်းများ ပေးဝေခြင်း များ ပြုလုပ်ခဲ့ကြသည်။
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ဗဟိုကော်မတီအဖွဲ့ဝင် ကိုဇေယျာလွင်က "ဒီသပိတ် က ကျွန်တော်တို့ ပညာရေးအတွက် နောက်ဆုံးသပိတ်လို့ ပြောလို့မရရင်တောင် အတိုင်းအတာ တစ်ခု ထိရောက်နေတဲ့ သပိတ်ဖြစ်တယ်။ ကျွန်တော်တို့ ဒါကိုဆင်နွှဲဖို့ အများကြီးပေး ဆပ်ခဲ့ရတယ်။စာသင်ခန်း တွေ စွန့်ခဲ့ရ တယ်။ အိမ်တွေကို အတိုက်အခံလုပ်ခဲ့ရတယ်။ ဆရာတွေနဲ့ အတိုက်အခံလုပ်ပြီးမှ ဒီသပိတ်ကို ဆင်နွှဲခဲ့ရခြင်းဖြစ်ပါတယ်" ဟု ဆိုသည်။
ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်လာပါစေ ကျွန်တော်တို အရှုံးမပေးဘူးဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ချီတက်စစ်ကြောင်းတွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (မြေလတ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ ဗဟို လုပ်ငန်းကော်မတီနှင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်တိုမှ အမာခံအင်အား ၁ဝဝ ဦးခန့် ပါဝင်ခဲ့သည်။ ချီတက် ကနဦးလမ်းကြောင်းရှိ ပုလိပ်၊ ကျောက်ဆည်၊ မြစ်သား၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည် စသည့်မြို့များကို ဖြတ်သန်းသွားမည် ဖြစ်ပြီး ယင်းမြို့များရှိ အသင့်စောင်ကြိုနေသည့် ကျောင်းသားများနှင့် ပူးပေါင်း၍ ရန်ကုန်သို့ဆက်လက် ချီတက်ကြမည် ဖြစ်သည်။
ကိုဇေယျာလွင်က "မှန်းထားတာကတော့ ၁၅ ရက်အတွင်း ရန်ကုန်အရောက် ချီတက်ပြီးတော့ ရန်ကုန်မှာ သပိတ်စခန်း ဖွင့်သွားမယ်။ ကျွန်တော်တို့ တွေ့ဆုံဖို့ တောင်းဆိုထားတာတွေကို လုပ်မပေးမချင်း ရန်ကုန် အထိ ဆက်ချီတက်မယ်" ဟု ပြောသည်။
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဆန္ဒထုတ်ဖော်မှု လေးရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်မှုများရပ်ဆိုင်းလိုက်ပြီး အစိုးရနှင့် တာဝန်ရှိသူများက ရက်ပေါင်း ၆ဝ အတွင်း သပိတ်မှောက်ကျောင်းသားများနှင့် လာရောက် စေ့စပ်ညှိနှိုင်းဆောင်ရွက် ရန် တောင်းဆိုထားခြင်း ဖြစ်သည်။
သို့သော် ရက်ပေါင်း ၆ဝ အတွင်း သက်ဆိုင်ရာမှလာရောက် စေ့စပ်ညှိနှိုင်းခြင်း မရှိသည့်အတွက် ရက် ၆ဝ အလွန်လှုပ်ရှားမှု ကို ဇန်နဝါရီ ၂ဝ ရက်တွင် စတင်လိုက် ခြင်းဖြစ်သည်။ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှု များ ရပ်ဆိုင်းထားခဲ့သည့် ရက်ပေါင်း ၆ဝ အတွင်း လူထုထောက်ခံမှု ရရှိအောင် စည်းရုံးရေးနှင့် ဝါဒဖြန့်ချိ ရေးလုပ်ငန်းများ၊ စာတမ်းဖတ်ခြင်း၊ ဆွေးနွေးခြင်းလုပ်ငန်းများကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီက ပြုလုပ်ခဲ့သည်။