လက်ပံတောင်းအရေးတွင် ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးသည်နှင့် ပတ်သက်၍ ကျူးလွန်သူများအား အရေးယူပေးရန် ဆားလင်းကြီးမြို့နယ် တရားရုံးသို့ ဇန်နဝါရီလ ၁၉ ရက်တွင် ဦးတိုက်လျှောက်ရာ ဆားလင်းကြီး တရားရုံးက ပယ်ချလိုက်၍ တရားရုံးအဆင့်ဆင့်သို့ ဆက်လက် ဦးတိုက်လျှေက်ထားပြီး စာချွန်လွှာပါတင်မည်ဟု အမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက မဇ္ဈိမကို ပြောသည်။
"ကျွန်တော်တို့အဆင့်ဆင့်လုပ်သွားမယ်။ ကျွန်တော်တို့အနေနဲ့က လူတစ်ယောက်လုံးသေဆုံးအောင် ဖြစ် ခဲ့တဲ့ကိစ္စ ပတ်သက်တဲ့အားလုံးကို ဖေါ်ထုတ်အရေးယူပေးဖို့ လျှောက်ထားနေတာပါ။ကျူးလွန်ထားသူတွေ အနေနဲ့ အရာရှိဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အရေးယူရမယ်ဆိုတာ အားလုံးအသိဖြစ်ပါလိမ့်မယ်။ ဘာကြောင့် လက်မခံလဲလို့ မြို့နယ်တရားသူကြီးကို မေးတော့ ရဲဆီက အမှုမပြတ်သေးလို့ လို့ ပြန်ဖြေတယ်။"ဟု တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက မဇ္စျိမကို ပြောသည်။
ပြစ်မှုကျူးလွန်ရာတွင် အဓိက ပါဝင်ပတ်သက်သော စစ်ကိုင်းတိုင်း နယ်/လုံ ဝန်ကြီး အပါအဝင် ရ ဦးအား အရေးယူပေးရန် ဦးတိုက်လျှောက်ထားခြင်းကို တရားရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်ဟု ဦးအောင်သိန်းက ဆိုသည်။
"အခုလိုငြင်းတာကတော့ ကျွန်တော်တို့ဘက်က ကြည့်ရင် ဥပဒေနဲ့မညီပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ရဲစခန်းက ဆိုင်းင့ံဆိုပြီး သေဆုံးသူ ဒေါ်ခင်ဝင်းမိသားစုစီကို တရားဝင်အကြောင်းကြား စာပို့ထားတယ်။ ဒါကြောင့် ဒီနေ့ဦးတိုက်လျှောက်တယ်။ဒါကိုလက်မခံဘူး။ လက်မခံဘူးဆိုတာကို လက်မှတ်ထိုးမပေးဘူး။ ဦးတိုက်လျှောက်တဲ့ စာကို ပြန်ပေးတယ်။ လက်မခံဘူးဆိုရင် တရားဝင် လက်မခံကြောင်း လက်မှတ်ထိုးပါဆိုတော့ ထိုးမပေးဘူး။"ဟု ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
သေဆုံးသူ ဒေါ်ခင်ဝင်း ၏ ညီမဖြစ်သူ ဒေါ်ခင်မာအေးက "ရှေ့နေများကွန်ယက်က ကူညီပေးနေပါတယ်။ အခု အရေးယူပေးဖို့ ခေါင်းရှောင်နေတာဟာ သက်ဆိုင်သူတွေအနေနဲ့ တာဝန်မဲ့ရာ လုံးဝကျပါတယ်။ ဒီနေ့အချိန်ထိ တိုက်ရိုက်လာပြီး ညှိနှိုင်းတာမရှိဘူး။ တဆင့်စကားပဲကြားရတယ်။ ကျွန်မအနေနဲ့ကတော့ အမြန်ဆုံး ဖေါ်ထုတ် အရေးယူပေးစေချင်တယ်။"ဟု မဇ္စျိမကို ပြောသည်။
ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ အမည်မဖေါ်လိုသည့် ရဲအရာရှိတစ်ဦးမှလည်း "ဆိုင်းင့ံတယ်ဆို တာကဗျာ.. အမှုကစစ်ဆေးဆဲမို့ပါ။ ပြည်သူ့ဝန်ထမ်းတွေပါနေတယ်ဗျာ။ ကျွန်တော်တို့လည်း ဆောင် ရွက်နေကြတာပဲ။"ဟု ပြောသည်။
ဆားလင်းကြီးမြို့နယ် တရားရုံးမှအမှုကို လက်မခံသောကြောင့် အဆင့်ဆင့် ဦးတိုက်လျှောက်သွား မည် ဖြစ်သော်လည်း လျှောက်ထားမည့် ရက်ကိုမူ ထုတ်ဖေါ်မပြောသေးပေ။
ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက လက်ပံတောင်း စီမံကိန်း ဒေသတွင် လျော်ကြေးမယူထားသည့် ဒေသခံများ၏ လယ်ယာမြေများပေါ် ခြံစည်းရိုး ဝင်ခတ်မှုကြောင့် ဒေသခံတောင်သူများက ကန့်ကွက်ရာမှ ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြံုရေးယူထားသော တပ်ဖွဲ့ က ပစ်ခတ်နှိမ်နင်းသဖြင့် ဒေါ်ခင်ဝင်း သေဆုံးကာ ဆယ်ဦးကျော်ဒဏ်ရာ ရခဲ့သည့်အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနက်ဒဏ်ရာရရှိသည်။
ယင်းသို့ ဖြေရှင်းမှုသည် ရဲတပ်ဖွဲ့အနေဖြင့် အဆင့်ကျော်ဖြေရှင်းခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။