၂၀၁၅ ရွေးကောက်ပွဲ မဲမသမာမှုများဖြစ်မည် စိုးရိမ်ဟု ကုလကိုယ်စားလှယ်ထံ စူစန်နာလှလှစိုး တင်ပြ

၂၀၁၅ ရွေးကောက်ပွဲ မဲမသမာမှုများဖြစ်မည် စိုးရိမ်ဟု ကုလကိုယ်စားလှယ်ထံ စူစန်နာလှလှစိုး တင်ပြ
by -
မဇ္စျိမ

၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန် စည်ပင်ရွေးကောက်ပွဲ၌ ဖြစ်ခဲ့သော မဲမသမာမှုမျိုး ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို တင်ပြခဲ့သည်ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ ဒါရိုက်တာ နော်စူစန်နာလှလှစိုးက ပြောသည်။

ဇန်နဝါရီလ ၈ ရက်က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် အရပ်ဘက်အဖွဲ့အစည်းများက ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စည်ပင်ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ဖိအားပေးအကျပ်ကိုင်မှုများ၊ အကြမ်းဖက်ခံရမှုများကို နှိုင်းယှဉ်၍ ၂၀၁၅ ရွေးကောက်ပွဲ တွင် ဖြစ်လာနိုင်သည့် အခက်အခဲ၊ အားသာချက်၊ အားနည်းချက်များကို ပြော ဆို ဆွေးနွေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နော်စူစန်နာလှလှစိုးက“ကျွန်မက စည်ပင်ရွေးကောက်ပွဲဝင်ခဲ့တာဆိုတော့ ရှင်းပြခဲ့ပါတယ်” ဟု ပြောသည်။

နော်စူဆန်နာလှလှစိုး၊ ဒေါက်တာ ရန်မျိုးသိမ်း၊ ကိုမာကီအပါအဝင် ခြောက်ဦး ပါ၀င်သော အဖွဲ့သည် ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီအချိန်က စတင်တွေ့ဆုံခဲ့ပြီး ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဓိက ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက “စည်ပင်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ၊ ရွေးကောက်ပွဲ မဲသမာမှုတွေ ကြံုလိုက်ရတာကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအလားအလာကို စည်ပင်ရွေးကောက်ပွဲ အခြေအနေကို သုံးသပ်ပြောဆိုခဲ့တယ် လို့သိရပါတယ်”ဟု ပြောသည်။

မစ္စယန်ဟီလီက ဆွေးနွေးပွဲမစမီ ရွေးကောက်ပွဲ၏ အရေးပါပုံ၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေ မှုများနှင့် ဒီမိုကရေစီ ကူးပြောင်းရေးတွင် ရွေးကောက်ပွဲမည်မျှထိ အရေးကြီးသည်ကို အဓိက ပြောဆိုကာ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် နိုင်ငံ့အရေး လေ့လာသုံးသပ်ချက် ဆောင်းပါးများရေးနေသည့် ဒေါက်တာရန်မျိုးသိမ်းက စည်ပင်ရွေးကောက်ပွဲဖြစ်စဉ်များ၊ သုံးသပ်ချက်များကို ဆွေးနွေးတင်ပြခဲ့သည်။ ကုလသမဂ္ဂလူ့အခွင့် အရေး အထူးကိုယ်စားလှယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများက တွေ့ဆုံစဉ် မျိုးစောင့်ဥပဒေ၊ အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှုများ၊ သတင်းထောက်ကိုပါကြီး အသတ်ခံရမှုဖြစ်စဉ် နောက်ဆုံးအခြေအနေနှင့် အမျိုး သားပညာရေးဥပဒေအရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်။

အရပ်ဘက်အဖွဲ့အစည်းအများက တင်ပြသည့် အကြောင်းအရာများကို မစ္စယန်ဟီလီက ၂၀၁၅ ခုနှစ် ဧပြီလတွင်ပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်ပြမည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြမည်ဖြစ်သည်။