မိုင်းယောင်းမြို့တွင် ပစ်သတ်ခံရသည့် စိတ်ဝေဒနာရှင်အတွက် အရေးယူပေးရန် တောင်းဆို

မိုင်းယောင်းမြို့တွင် ပစ်သတ်ခံရသည့် စိတ်ဝေဒနာရှင်အတွက် အရေးယူပေးရန် တောင်းဆို
by -
မဇ္စျိမ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဝမ်ထင်ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် စိတ်ဝေဒနာရှင် စိုင်းဆမ်တစ်အား အစိုးရ တပ်မတော် ခလရ ၅၇၃ စစ်သားများက ပစ်သတ်ခဲ့မှုကို အရေးယူပေးရန် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ဇန်နဝါရီလ ရ ရက်က တောင်းဆိုလိုက်သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘလာ ၁၂ ရက် ည ၉  နာရီခွဲခန့်က ခလရ ၅၇၃ တပ်မှ အရာရှိနှင့် တပ်သား ၁၂ဦး အပါအဝင် ရွာလူကြီးများနှင့်အတူ စိုင်းဆမ်တစ်၏ အိမ်သို့ ဝင်ယောက်စစ်ဆေးစဉ် အိမ်တံခါးပေါက် အထွက် မိဘများ ရှေ့၌ပင် ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

“ဒီလုပ်ရပ်က မြန်မာစစ်တပ်ကနေပြီးတော့ သူတို့ ရှေ့မှာ ပစ်သတ်လိုက်တာကို သေဆုံးသူရဲ့ မိသားစုက သူတို့ ကိုယ်တိုင် မြင်တယ်။ ဒါနဲ့ ပတ်သက်ပြီး အဲဒီနယ်ထဲက ရဲတွေကလည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့မှ ဘာမှ အရေးယူတာတွေ မရှိဘူး။ ဒီလို အထင်မှားအောင် လုပ်တာ ဖြစ်တဲ့အတွက် သတင်းအမှန်ကို ပြန်ပြီး ထုတ်ပြန်ရတာ ဖြစ်တယ်”ဟု  ရှမ်းလူ့အခွင့်အရေး မဏ္ဍုုိင်မှ ပြောရေးဆိုခွင့်ရှိသူ နန်းခွမ်လိတ်က မဇ္စျိမကို ပြောသည်။

စိုင်းဆမ်တစ် သေဆုံးမှုနှင့် ပတ်သက်၍ တချို့သတင်းဌာနများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ သတ်ဖြတ်ကြောင်း ဖော်ပြထားမှုများ ရှိသလို၊ သတ်ဖြတ်သည့် အဖွဲ့အစည်းကို ထုတ်ဖော် ရေးသားမှု မရှိ၍ အမှန်တရားအား ထုတ်ဖော်နိုင်ရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ပြန်လည် စစ်ဆေး အရေးယူပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင်၊ မိုင်းယောင်းမြို့နယ် အတွင်း အစိုးရအာဏာပိုင်များ ထံသို့လည်း ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က ကြေငြာချက် ပို့လိုက်သည်ဟု သိရသည်။

အသတ်ခံရသည့် ဒီဇင်ဘာ ၁၂ရက် ညက သေဆုံးသူ ဆိုင်းဆမ်တစ်သည် သစ်သားအိမ် ဓားမြှောင် နှင့် လက်လုပ်သေနတ်တို့ကို ကိုင်ကာ လက်နှစ်ဖက် ဆန့်လျက် အိမ်ရှေ့တွင် ရပ်ထားသော် ၎င်းတို့ မိသားစုပိုင် ကားထဲမှ ထွက်လာကာ သူ၏ အခန်းထဲသို့ ဝင်သွားခဲ့သည်။ ယင်းကို ၁၀မိနစ်ခန့် အကြာတွင် တပ်မတော်မှ အရာရှိက ထွက်လာရန် စေခိုင်းသဖြင့် ထွက်လာစဉ် အိမ်ပေါက်ဝ လှေခါးအဆင်းတွင် စစ်သားနှစ်ယောက် က သေနတ်ဖြင့် လေးချက်ပစ်ကာ သတ်ခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏  အစီရင်ခံစာ တွင် ဖော်ပြထားသည်။

အခင်းဖြစ်ပွားပြီးနောက် အစိုးရ စစ်တပ်က မိုင်းယောင်းရဲများကို ဆင့်ခေါ်၍ ရဲများက အလောင်းအား စစ်ဆေးခဲ့သော်လည်း မျက်မြင် မိဘများကို မေးမြန်းခြင်းမရှိခဲ့ကြောင်း သေဆုံးသူ၏ စိုင်းဆမ်တစ်၏ ဖခင် လုမ်းနံအုမ်က ပြောဆိုချက်ကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

စိုင်းဆမ်တစ်သည် ၂၀၁၁ ခုနှစ်က RCSS/SSA တွင် တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်က နုတ်ထွက်ခဲ့သည်ဟု ဆိုသည်။ နုတ်ထွက်သ်ည့ အကြောင်းကို မိုင်းယောင်းရှိ မြန်မာအစိုးရ၏ ခမရ ၃၃၄ ထံသို့ သတင်းပေးပို့ထားသည်ဟုလည်း ဆိုသည်။