ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် တပ်မဟာ ၅ နယ်မြေအတွင်း အစိုးရတပ်၏ လာရောက် ပစ်ခတ်မှုကြောင့် KIA တပ်သားနှစ်ဦး ကျဆုံးကာ တစ်ဦး အဖမ်းခံရသည်ဟု ကေအိုင်အို ၏ ပြောရေးဆိုခွင့်ရှိ သူ ဦးလနန်က မဇ္စျိမကို ပြောသည်။
ဒီဇင်ဘာလ ၁၉ ရက်က KIA ၏ တပ်မဟာ ၅ လက်အောက်ခံ အောက်ဆားကျွန်းကျေးရွာအနီး ရှိ ကေအိုင်အေ ရှေ့တန်းစခန်းတစ်ခုကို အစိုးရ၏ ခမရ တပ်ရင်း ၆၀၂ တပ်ဖွဲ့က အင်အား ၂၀ ခန့်က လာရောက် ပစ်ခတ်ခဲ့သဖြင့် တပ်သားနှစ်ဦးကျဆုံးကာ တစ်ဦးကို အရှင်ဖမ်းဆီးသွား သည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့နေတဲ့ ရှေ့တန်းစခန်း အင်အား ၅ ယောက်ပဲ ရှိတဲ့စခန်းကို လာဝိုင်းပြီး ပစ်ခတ်တာမျိုးလုပ်တယ်။ ကျွန်တော်တို့ ဘက်က ပြန်လည် ပစ်ခတ်မှု အချိန်တောင်မရလိုက်ဘူး။ နေ့လည် မွန်းလွဲပိုင်း ၁ နာရီကျော် ၂ နာရီလောက်မှာ သူတို့အင်အား ၂၀ လောက်က လာပစ်ခတ်တာ။”ဟု ဦးလနန်က ပြောသည်။
ဒီဇင်ဘာလ ၂၀ ရက်ကလည်း ၎င်းတို့ လာရောက်ပစ်ခတ်ခဲ့သော မုန်းလွဲခေါင်းနဘေး ဒေါဖုန်းယန် မြို့နယ် ကေအိုင်အေ၏ ရှေ့တန်း စခန်းအနီးရှိ အောက်ဆားကျွန်း ကျေးရွာသား ၄ ဦးကိုလည်း ကေအိုင်အိုကို ထိုနေရာတွင် အခြေချခွင့်ပြုထားသည်ဟု ဆိုကာ အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သူက ပြောသည်။
အစိုးရ စစ်တပ်က ဖမ်းဆီးသွားသော ကေအိုင်အေ တပ်သားတစ်ဦးနှင့် ရွာသား ၄ ဦးတို့ကို ယနေ့ထိ မည်သည့်နေရာတွင် ဖမ်းဆီးသွားသည်ဟု မသိရသေးကြောင်း ၎င်းက ပြောသည်။
အလားတူ ကေအိုင်အေ၏ တပ်မဟာ ၃ နယ်မြေတွင်လည်း အစိုးရ၏ စစ်တပ်အင်အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်မ ၈၈ များ အပါအဝင် အနည်းဆုံး ဗျူဟာ ၅ ခုခန့် မှ တင်ရင်း ၂၀ ခန့်ရှိနိုင်မည်ဟု ခန့်မှန်းရပြီး အစိုးရဘက်မှ ထိုးစစ်ဆင်လာပါက တိုက်ပွဲ အချိန်မရွေးဖြစ်ပွားလာနိုင်သည် ဟု ကေအိုင်အေ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ မှ ဗိုလ်မှူးကြီး ဂျွန်းအောင်က ပြောသည်။
ဒီဇင်ဘာ ပထမအပတ်က ရှမ်းမြောက်ပိုင်းအတွင်း အစိုးရနှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အစိုးရ တပ်မတော်မှ တပ်သား ရဦး ကျဆုံးခဲ့သည်ဟု ဒီဇင်ဘာ ၁၃ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်ကမူ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းတွင် အစိုးရ၏ စစ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည့် တစ်လပြည့်သော ဒီဇင်ဘာလ ၁၉ ရက်တွင် အစိုးရတပ်ဘက်က အငိုက်ဖမ်း ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဦးလနန်က ဆိုသည်။
ယင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကေအိုင်အိုဘက်က အစိုးရ၏ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်နှင့် အဖွဲ့ထံ ကန့်ကွက်စာပေးပို့ထားပြီး ဖြစ်ကြောင်း သူက ဆိုသည်။
ကချင် နှင့် ရှမ်းမြောက်ဒေသတွင် မတည်ငြိမ်မှုများ ဖြစ်နေသော်လည်း ဒီဇင်ဘာ ၂၂ ရက်တွင် ကေအိုင်အေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များပါသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီနှ င့် တွေ့ဆုံကာ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းအတွက် အကြို လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ တွင် ဆွေးနွေးလျက်ရှိသည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် ကေအိုင်အို အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုငး်ရေးအဖွဲ့(NCCT)နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ(UPWC) တို့သည် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးနေပြီး NCCT ဘက်မှ လိုင်ဇာ ဗိုလ်လောင်းများ သေဆုံးမှုနှင့်ပတ်သက်၍ ထပ်မံ မဖြစ်ပွားရန် ညှိနှိုင်းဆွေးနွေးပွဲ တစ်ခု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။