မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ရှိ Panda Textile Co.,Ltd အမှတ်(၂) အထည်စက်ရုံ (ပလိပ်)ကို အစိုးရမှ ပုဂ္ဂလိကသို့ လွဲပြောင်းလုပ်ကိုင်ရာ၌ EC စာချုပ် မချုပ်ဆိုသည့် ဝန်ထမ်း ရ၀၀ ကျော်ကို ကုမ္ပဏီက စက်ရုံအတွင်း ဝင်ရောက် အလုပ်လုပ်ခွင့် မပြု၍ အလုပ်သမားများက ဒီဇင်ဘာ ၂၂ ရက်တွင် စက်ရုံပေါက်ကိုပိတ်ပြီး ထိုင်သပိတ်ပြုလုပ်ကာ အလုပ်လုပ်ကိုင်ခွင့်ရရန် တောင်းဆိုနေကြသည်။
"ပန်ဒါ ကုမ္ပဏီအနေနဲ့ ကျွန်မတို့ကို အွန်ဂျူတီ (On Duty) ၁၀ ရက်ပေးပြီးတော့ အလုပ်နားခိုင်းတယ်။ အဲလို ၁၀ ရက် ပိတ်တဲ့အတော အတွင်းမှာပဲ ကျွန်မတို့ကို အလုပ်ပြန်လျှောက်ရမယ်။ EC စာချုပ် ပြန်စာချုပ်ရမယ်လို့ ဆိုပြီး စာတွေကပ်ပါတယ်။ ပြီးတော့ အလုပ်ပြန် မလျှောက်တဲ့သူနဲ့ စာချုပ်ပြန်မချုပ်တဲ့ သူတွေကို အလုပ်ထဲပေး မဝင်ဘူးဆိုလို့ အလုပ်သမား ရ၀၀ ကျော်က အလုပ်ပြန်ဆင်းခွင့် ရဖို့ စောင့်စားနေခြင်း ဖြစ် ပါတယ်" ဟု ချည်မျှင်ဌာနစုမှူး ဒေါ်ဇာခြည်မင်းက ပြောသည်။
အဆိုပါကုမ္ပဏီက ဒီဇင်ဘာလ ၁၉ ရက်တွင် အချက် ၉ ချက်ပါသော သတိပေးကြေငြာချက်များကို အလုပ်ရုံများတွင် ကပ်ခဲ့သည်ဟု စက်ရုံဝန်ထမ်းများက ဆိုသည်။
အဆိုပါ စာချုပ်ပါအချက်များသည် ကုမ္ပဏီဘက်မှ တစ်ဖက်သတ် ရေးဆွဲထားခြင်းကြောင့် အလုပ်သမားအများစုက လက်မှတ် မထိုးခြင်း ဖြစ်သည်ဟု စက်ရုံအလုပ်သမားအများစုက ဆိုသည်။
ယင်းစက်ရုံတွင် အမြဲတမ်းဝန်ထမ်းများသည့် လုပ်သက် ၃၀ နှစ် မှ ၄၀ နှစ်ကြားနှင့် နေ့စားလုပ်ကိုင်နေသော ဝန်ထမ်းများပင် လုပ်သက် ၄ နှစ်အထက် ဝန်ထမ်းများဖြစ်၍ အလုပ်ပြန်လျှောက်ခိုင်းခြင်းမှာ မဖြစ်နိုင်ဟု ဆိုသည်။
ထို့ပြင် နိုင်ငံတော်မှ လျော်ကြေးပင်စင်ယူပြီး ပန်ဒါကုမ္ပဏီတွင် လက်ရှိလုပ်ကိုင်နေသော ရာထူးများအတိုင်း ခန့်ထားပေးမည်ဆို၍ လုပ်ခဲ့ကြကြောင်း နှင့် ယခုအခါတွင် ထိုအခွင့်ရေးများ မပေးတော့ဘဲ ဒီဇင်ဘာလ ၂၂ ရက်တွင် နှစ်ဖက်သဘောတူ ချုပ်ဆိုထားသော အချက်များလည်း ချိုးဖေါက်ခဲ့သည်ဟု ထိုင်သပိတ် ပြုလုပ်နေသော အလုပ်သမားများက ဆိုသည်။
အလုပ်ဆက်လက်ဆင်းခွင့် ရရှိရန်အတွက် စက်ရုံအလုပ်သမားများသည် ပုံမှန်ရုံးတက် ရုံးဆင်းအချိန်အတိုင်း လာရောက်၍စက်ရုံဝင်ပေါက်ရှေ့တွင် အလုပ်ပြန်ဆင်းခွင့် မရမချင်း ထိုင်သပိတ်ကို နေ့စဉ်ပြုလုပ်မည်ဟု သိရသည်။
ပန်ဒါ ကုမ္ပဏီမှ စာချုပ်ပါအချက်များနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၂ ရက်တွင် ခေါ်ယူညှိနှိုင်း ဆွေးနွေးမှုများ ပြု လုပ်ခဲ့သည်ဟု ကုမ္ပဏီ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေ က မဇ္ဈိမကိုပြောသည်။
"အစိုးရဝန်ထမ်းကနေ ကုမ္ပဏီဝန်ထမ်းပြောင်းရင် EC စာချုပ်ချုပ်ရပါမယ်။ အဲလိုချုပ်တော့ ကုမ္ပဏီအတိုင်း ပြန်လုပ်ရမယ်။ စာကပ်တာကတော့
တစ်ဦးချင်းစီသိအောင်လို့ ကပ်တာပါ။ စာချုပ်ပါအချက်တွေနဲ့ ပတ်သက်ပြီး လာရောက်ဆွေးနွေးညှိနှိုင်းနိုင်အောင် ဒီနေ့အချိန်ထိ
ရုံးခန်း ဖွင့်ပေးထားပါတယ်။ တစ်ဦးချင်းဖြစ်ဖြစ် အုပ်စုလိုက် ဖြစ်ဖြစ်လာမေးရင်လည်း ချပြသွားဖို့ ဝန်မလေးပါဘူး။ အစ်မတို့က
ဝန်ထမ်းတွေကို အလုပ်ထုတ်ဖို့ မဟုတ်ဘူး။ အလုပ်လုပ်ဖို့ပါပဲ" ဟု ၎င်းက ပြောသည်။
အလုပ်သမားသမဂ္ဂ အလုပ်အမှုဆောင် ကိုရဲမင်းစိုးပိုင်က "ကျွန်တော်တို့နဲ့ တွေ့ဆုံညှိနှိုင်းမှု ဘာမှလာ မလုပ်သေးဘူး။ ကျွန်တော်တို့ အလုပ်ပြန်ရဖို့အထိ လုပ်သွားမယ်"ဟုပြောသည်။
အလုပ်ပြန်လည် ရရှိစေရန် အလုပ်သမားများသည် ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်သွားမှာဖြစ်ပြီး အဖြေမထွက်မခြင်း ထိုင်သပိတ် ပြုလုပ်သွားမည်ဟု ဆိုကြသည်။
အမှတ်(၂)အထည်စက်ရုံ (ပလိပ်)ကို ၂၀၁၃ခုနှစ်ဧပြီ လ(၁)ရက်တွင် PANDA GROUPGREAT WORLD WIDE CO.,LTD က
ပုဂ္ဂလိကလွဲပြောင်းရယူခဲ့သည်။