မုတ်သုံကုန်ဆုံးချိန်တွင် အရှေ့လေပြင်းများ အားကောင်းစွာ တိုက်ခတ်နိုင်သဖြင့် မြန်မာ့ကမ်းရိုးတန်း ဒေသများ ရှိ ငါးဖမ်းလှေများအတွက် အန္တရာယ်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦး က ပြောသည်။
“ပင်လယ်ရေ မျက်နှာပြင် အပူချိန်ကလည်း အားကောင်းတယ်။ အရှေ့လေတွေကလည်း အန္တရာယ်ရှိနိုင် တယ်။ ရေကြောင်းမှာ သွားလာနေတဲ့ လေဒဏ်ခံနိုင်တဲ့ ရေယာဉ်တွေအတွက် အန္တရာယ်မရှိပေမယ့် လေဒဏ် မခံနိုင်တဲ့ ကျားဖောင်တွေ၊ သစ်သားလှေတွေ အတွက်တော့ အန္တရာယ် ရှိတယ်” ဟု ၎င်းကပြောသည်။
လေပြင်းများ တိုက်ခတ်မှုသည် တစ်ခါတစ်ရံ လေးရက်ခန့်၊ တစ်ခါတစ်ရံ ရှစ်ရက်ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ၎င်းက ဆိုသည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်းအသင့်တင့်မှ လှိုင်းကြီးနိုင်သည်။ အရှေ့ လေပြင်းများ တိုက်ခတ်စဉ် ရေပြင် မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံအတွင်းရှိ လေဖိအားနည်း ရပ်ဝန်းကြီး အားကောင်းသဖြင့် အရှေ့မြောက် ဆောင်းလေအေးများ အားကောင်းကာ အင်ဒိုချိုင်းနား ကျွန်းဆွယ်ကို တိုက်ခတ်ပြီးနောက် ယင်းလေအေးများသည် မြန်မာနိုင်ငံတောင် ပိုင်း ဒေသများသို့ လေပြင်းများအနေဖြင့် ဝင်ရောက်တိုက် ခတ်ခြင်း ဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
“ယခင်ကလည်း ဒီဇင်ဘာလအတွင်း အရှေ့လေပြင်းများ ကျရောက်တာကြောင့် ပင်လယ်ပြင်မှာ လှိုင်းလေကြီးလို့ ရေယာဉ်များ တိမ်းမှောက်ပြီး အသက်ဆုံးရှုံးတာတွေ ဖြစ်ရပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း မှာ ရေကြောင်းသွားလာနေသူတွေ အနေနဲ့ အရှေ့လေပြင်းများ အန္တရာယ်ကို သတိပြုဖို့ လိုအပ်တယ်လို့ သတိပေးလိုပါတယ်” ဟု ၎င်းက ပြောသည်။