ခေတ်အဆက်ဆက် ဒုက္ခကြံုနေရသည့် တောင်သူတို့နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပေါင်း စည်းကာ ဆင်းရဲမှုလျှော့ချရေး လုပ်ဆောင်မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကန်သာ ဗိုလ်ချုပ်ကွင်းအတွင်း ဒီဇင်ဘာလ ၁၅ ရက်က ပြုလုပ် သည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွင် ပြောသည်။
“တောင်သူလယ်သမား အများစုမှာ ခေတ်အဆက်ဆက်မှ ယနေ့အချိန်ထိ ဒုက္ခမျိုးစုံ ကြံုတွေ့ခံစားရပြီး၊ ရုန်းကန်းလှုပ်ရှားနေရတာပဲ ဖြစ်ပါ တယ်၊ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို ့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင် တောင်သူလယ်သမားများနှင့် အခြား တောင်သူ လယ်သမားများ ပေါင်းစည်း ပြီး တောင်သူလယ်သမားများ ဘဝမြင့်မားရေး ဆင်းရဲမှုလျော့ချရေး ကိစ္စအတွက် ကျွန်တော်တို့အားလုံး ပါဝင်ရမယ့်အချိန်တခု ရောက်ရှိပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ရ၀ရာနှုန်းကျော်သည် တောင်သူလယ်သမားများဖြစ်ပြီး၊ ဧရာဝတီတိုင်းသည် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမား စုစုပေါင်း၏ ၂၄ ရာနှုန်းကျော် နေထိုင်ကာ မိုးစပါး၊ ဆောင်းစပါး စိုက်ဧက စုစုပေါင်း ၂၀ သန်းအနက် ၄.၉ သန်းစိုက်ပျိုးရာ ဒေသဖြစ်သည်ဟု လည်း သူရဦးရွှေမန်းက ပြောသည်။
ထို့ပြင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ တင်သွင်းသည့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးကဲ့သို့သော ဥပဒေမျိုးပြဋ္ဌာန်းပြီးသော်လည်း နည်းဥပဒေ မထွက်သေး၍ အမှန်အကျိုးခံစားခွင့်မရသေးသည့် အခြေအနေကို ပါတီဝင်များက တောင်သူတို့နှင့် ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်ပေးမည်ဟုလည်း ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်သူ သူရဦးရွှေမန်းက ဆိုသည်။
တွေ့ဆုံပွဲတွင် “လယ်သမားရေးရာနှင့် လယ်ယာမြေပြဿနာများ အမြန်ဆုံးဖြေရှင်းပေးရေး အဖြေရှာဆောင်ရွက်ပေးရန်၊ တောင်သူ လယ်သမားများ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်” စသည့် အချက်များပါဝင်သော ရှေလုပ်ငန်းစဉ် ၉ ရပ်ကို ချမှတ်လိုက်သည်။
ယင်းသည် ပုသိမ်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း အစိုးရဝန်ကြီးများ အပါအဝင် အင်အားထောင်ကျော်တက်ရောက်ကြသည်။