ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်

ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်
by -
မဇ္စျိမ

သဘာဝဓာတ်ငွေ့နှင့် ကမ်းလွန်ရေနံထွက်ရှိသော ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်သည့် အထိမ်းအမှတ်အဖြစ် ရိုးရာပျော်ပွဲရွှင်ပွဲများကို ပြည်နယ်အစိုးရက ကျင်းပပေးမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲနှင့် အတူ မဟာဓာတ်အား လိုင်း ရောက်ရှိခြင်း ဂုဏ်ပြုပွဲကို ပူးတွဲကျင်းပမည်ဖြစ်သည်။

Photo caption - ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ပို့လွှတ်ရန် တည်ထောင်ထားသည့် ကျောက်ဖြူမြို့ရှိ စက်ရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြယ်ပြာ၊ မဇ္ဈိမ)

“ဖွံ့ဖြိုးမှုအခြေခံဖြစ်တဲ့ လျှပ်စစ်မီးရတော့ အထိမ်းအမှတ်အနေနဲ့ လုပ်တာပါ” ဟု ဆိုသည်။

မဟာဓာတ်အားလိုင်းမှ ရခိုင်ပြည်နယ်သို့ သွယ်တန်းခြင်းလုပ်ငန်းများကို နိုဝင်ဘာလကုန်တွင် အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ စစ်တွေမြို့ပေါ်ဒေသအချို့ လျှပ်စစ်မီးဖြန့်ဝေပေးမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီက စတင်ခဲ့ပြီး ၂၀၁၄ ဇူလိုင်လ ကစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်လျက်ရှိသည်။

ကျောက်ဖြူ ဒေသခံ ကိုထွန်းမောင်က “ကျွန်တော်တို့ ဒေသကထွက်တဲ့ ဓာတ်ငွေ့ရဲ့အကျိုးခံစားခွင့်က ဒီထက်မကပါဘူး။ ဒါပေမယ့် ဒီလောက် လျှပ်စစ်ရဖို့တောင် ဆယ်ကြိမ်ထက် မနည်းဆန္ဒပြခဲ့ရတယ်”ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့သာမက ကမ်းလွန်ရေနံလုပ်ကွက်များ ရှိသေးသော်လည်း ဒေသခံများ အနေဖြင့် ၂၀၁၄ ခုနှစ် နှောင်းပိုင်းထိ မြို့နယ်မီးလင်းရေးအဖွဲ့များ အစီအစဉ်ဖြင့် မီးစက်ကြီးများဖြင့် ဖြန့်ဝေ သည့် ဓာတ်အားစနစ်ကို တစ်ယူနစ်လျင် မြန်မာ ကျပ်ငွေ ငါးရာကျပ်ဖြင့် အသုံးပြုခဲ့ရသည်။

Most read this week