သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းအပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ခြောက်ခု တည်ဆောက်ရေး ကိစ္စများကို ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်ပေးရေး အဆိုကို တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကလာမည့် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းမည်ဟု သိရသည်။
ဒေသခံများ၊ အရပ်ဘက်လူ့ အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ ကန့်ကွက်နေသည့် အဆိုပါရေအား လျှပ်စစ် စီမံကိန်း ခြောက်ခုကို ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေဟွာနှင့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် အမှတ် (၃) ကိုယ်စားလှယ် ဦးစိုင်းစံမင်းတို့ကလာ မည့်နှစ်၊ ဇန်နဝါရီလတွင် စတင်မည့် ၁၂ ကြိမ်မြောက် လွှတ်တော်တွင် တင်သွင်းသွား မည်ဟု ပြောသည်။
ဒေါ်နန်းစေဟွာက “ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေအတွက်၊ ရေရှည် ဖွံ့ဖြိုး ရေးဆိုင်ရာ ကိစ္စရပ်တွေ အတွက် ဒီစီမံကိန်းတွေကို ပြန်သုံးသပ်ဖို့ လိုနေတဲ့အတွက် အဆိုတင်သွားမှာဖြစ်ပါတယ်” ဟု တယ်လီဖုန်း မှတစ်ဆင့် ဖြေကြားသည်။
စီမံကိန်း ခြောက်ခု အနက်သံလွင်မြစ် အပေါ်ပိုင်း ရှမ်း-တရုတ် နယ်စပ်တွင်နှစ် ခုဖြစ်ပြီး မြစ်အောက်ပိုင်း ဖြစ် သည့် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တွင် လေးနေရာ တည်ဆောက်မည်ဖြစ်ကာ တာဆန်းမှ လျှပ်စစ်ဓာတ်အား မဂ္ဂါ၀ပ် ရ,၀၀၀ ကျော်ထွက်ရှိမည်ဟု ခန့်မှန်းထားကာ ကွမ်းလုံ၊ နောင်ဖ၊ မိုင်းတုံ၊ ရွာသစ်နှင့် ဟတ်ကြီးတို့မှ မဂ္ဂါ၀ပ် ၁၄,၉၆၀ စက်တပ်ဆင်အင်အားရှိမည်ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာန စာရင်းများအရ သိရသည်။
ဒေါ်နန်းစေဟွာက မကြာသေးမီက ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် သံလွင်မြစ် ပေါ်တည်ဆောက်မည့် လျှပ် စစ်စီမံကိန်းများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်တွင် စီမံကိန်းများကြောင့် သံလွင်မြစ် ကြောင်းတစ်လျှောက် တိုင်းရင်းသား လူမျိုးစု ၁၀ စုကျော် ပျောက်ကွယ် သွားနိုင်ကြောင်း၊ ဆည်တည် ဆောက်ခြင်းကြောင့် မြစ်အောက်ပိုင်း ရေမစီးနိုင်ပါက သံလွင်မြစ် တိမ်ကောလာခြင်း၊ ရေငန်များ တက်ခြင်းကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများရှိ စပါးမျိုး ၁၀၀ ကျော် ပျက်စီးခြင်း၊ သစ်တောများ ပျက်စီးခြင်း၊ ဒေသရင်း မျိုးစိတ်များပျက်စီးခြင်းများ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက “ကျွန်မတို့ ကရင်ပြည်နယ်မှာ ဟတ်ကြီးဆည် လုံခြံုရေးကို အကြောင်းပြပြီး လက်နက်ကိုင် တပ်စွဲလာကြတာကြောင့် ပြည်သူတွေ ရှောင်တိမ်းခဲ့ကြရပါတယ်” ဟုလည်း ဖြည့်စွက်ပြောသည်။
စီမံကိန်းများတွင် မြန်မာနိုင်ငံမ ရရှိမည့် အကျိုးအမြတ်မှာ ၁၀ရာခိုင်နှုန်းဝန်းကျင်သာရှိပြီး ပြည်ပနိုင်ငံများနှင့် ပုဂ္ဂလိကလုပ် ငန်းရှင် တစ်စု ရရှိမည့် အကျိုးအတွက် ပြည်နယ်၏ ပတ်ဝန်းကျင်၊ အနာဂတ်ကို အထိခိုုက်မခံနိုင်ဟုလည်း ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးကရသော အချက်အလက်များအရ ကွမ်းလုံစီမံကိန်းမှ မဂ္ဂဝပ် ၁,၄၀၀ အနက် မဂ္ဂဝပ် ရ၀၀၊ နှစ်စဉ် ကန် ဒေါ်လာ ရ၄ သန်း၊ နောင်ဖ စီမံကိန်းမှ မဂ္ဂါ၀ပ် ၁,၂၀၀ အနက် မဂ္ဂါ၀ပ် ၆၀၀ နှင့် နှစ်စဉ်ကန်ဒေါ်လာ ၈၁ သန်း၊ မန်တောင်း စီမံကိန်းမှ ၂၂၅ မဂ္ဂါ၀ပ်အနက် ၁၁၂ မဂ္ဂါ၀ပ်နှင့် နှစ်စဉ် ကန် ဒေါ်လာ ၁၂ သန်းကျော် ရရှိမည်ဆိုသော်လည်း အခြားစီမံကိန်းများ၏ အကျိုးအမြတ် ခွဲဝေမှုကို မသိရပေ။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြည်ထောင်စုအစိုးရသည် ပြည်ပနိုင်ငံ များနှင့် ရေအားလျှပ်စစ်ပူးတွဲ ထုတ်လုပ်ရာ၌ ခေတ်နှင့် မလျော်ညီတော့သည့် စီမံကိန်းများကို ပြန် လည်စိစစ်ပေးမည်ဟု ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် လွှတ်တော်တွင် ကတိပြု ပြောဆိုထားသည်။