ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး ခွဲခြားပြောဆိုနေမှုများသည် နိုင်ငံရေးသွေးခွဲမှု တစ်ရပ်ဖြစ်ပြီး ညစ်ပတ်သည့် နိုင်ငံရေးသာဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီး က ပြောကြားသည်။
ဒီဇင်ဘာ ၁၂ ရက်က ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် မြန်မာပြည်သူ့ ဖိုရမ် ၂၀၁၄ “မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် စိန်ခေါ်မှုများကို လေ့လာအကဲဖြတ်ခြင်း” ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးကိုကိုကြီးက “အာဏာပိုင်တွေကဒါက ပါတီနိုင်ငံရေးတို့လုပ်တာ အမျိုးသားနိုင်ငံရေးဆိုပြီးတော့ စပြီးတော့ နိုင်ငံရေးကို သွေးကွဲအောင် လုပ်တာ။
သဘောက ဟုတ်သလိုလိုနဲ့ လူတွေကြားထဲမှာ ပါတီနိုင်ငံရေးလုပ်တဲ့သူဆိုရင် ပါတီနိုင်ငံရေး မဟုတ်တဲ့ သူလောက် မမွန်မြတ်ဘူး ဆိုတာ ဖြစ်လာတဲ့ဟာ အဲဒါက လူ့အဖွဲ့ အစည်းထဲမှာ အရင်ကပုံလောင်းထားတဲ့ ပုံစံပေါ့။ နိုင်ငံရေးက နိုင်ငံရေးပဲ၊ နိုင်ငံရေးကို ထပ်ပြီးတော့ နာမဝိသေသနတွေ တပ်ပြီး သွေးခွဲနေတာက ညစ်ပတ်တဲ့ နိုင်ငံရေးပဲ” ဟု ပြောသည်။
ယင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ဦးကိုကိုကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ပညာရှင် ဒေါ်ခင်မမမျိုး၊ ဒေါက် တာ ရန်မျိုးသိမ်း၊ ငြိမ်းဖောင်ဒေးရှင်းမှ မရန်ဂျော်ဂွန်းတို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။
မြန်မာပြည်သူ့ဖိုရမ် ၂၀၁၄ ကို ဒီဇင် ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဖိုရမ်တွင် ခေါင်းစဉ် ခွဲ ၁၇ ခုဖြင့် အလုပ်ရုံဆွေးနွေးပွဲ များ ကျင်းပမည် ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ဆွေးနွေးပွဲ ရလဒ်များကို အစိုးရ ထံတင်ပြမည်ဖြစ်ပြီး အင်ဒိုနီရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံပြည်သူ့ ဖိုရမ်တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်သည့် မြန်မာပြည်သူ့ဖိုရမ်သို့ ပေးပို့သည့် သဝဏ်လွှာတွင် “မိမိတို့နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် အစဉ်အဆက်အားဖြင့် ဒီမိုကရေစီ အလေ့ အထများ နှင့် ဝေးကွာခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ အများအကျိုး သယ်ပိုးထမ်းရွက် လိုသောပရဟိတ စိတ်ဓာတ်များ ထွန်ကားသည့် လူ့အဖွဲ့အစည်းဖြစ်သော်လည်း ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် မတူကွဲပြား မှုများအပေါ် သည်းခံနိုင်စွမ်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်တို့တွင်များစွာ အားနည်းလျက် ရှိကြောင်း ပြောကြား ထားသည်။
၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမ အကြိမ်ပြည်သူ့ဖိုရမ်ကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပ ခဲ့ပြီး ယင်းဖိုရမ်မှ အကြံပြုချက် ၅၅ ချက် ထွက်ပေါ်လာခဲ့သည်။